ရေးမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်းအတွင်း လူသတ်မှု တနှစ်ထက်တနှစ် တိုးလာ
DVB
·
July 8, 2018
မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်းအတွင်း လူသတ်မှုတွေ တနှစ်ထက်တနှစ် တိုးလာနေပြီး အခုနှစ် ဇွန်လအကုန်မှတ်တမ်းတွေအရ ၁၀ မှုအထိ ဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။
ရေးမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်းအတွင်း ရဲတပ်ဖွဲ့က ပြုစုထားတဲ့ မှတ်တမ်းတွေအရ ရေလုပ်သား ၂၀၀၀၀ ကျော် လုပ်ကိုင်လျက်နေပြီး အသိပညာပေးမှုတွေ ဆောင်ရွက်နေပေမယ့် အားနည်းချက်တွေ ရှိနေကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညိုက ပြောပါတယ်။
“အသိပညာပေးမှုတွေ ဆောင်ရွက်တဲ့နေရာမှာ လာရောက်နားထောင်တာ အားနည်း တယ်၊ ဒါက အားလုံးအတွက်ပါပဲ။ လူပေါင်းစုံ၊ ဒေသပေါင်းစုံကလူတွေဖြစ်တယ်။ ညီရင်းအစ်ကို ဆိုတဲ့စိတ်က မရှိကြဘူး။ ပင်လယ်ပြင်ထဲမှာ နေရတာဖြစ်လို့ အချိန်ကြာလာတာနဲ့အမျှ စိတ်ပိုင်း ဆိုင်ရာအရ ဒေါသထွက်လာရင် မထိန်းနိုင်ဘဲ ဖြစ်ပွားကြတာ များတယ်” လို့ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညိုက ဒီဗွီဘီကို ပြောပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့လည်း ရေလုပ်သားတွေကို စနစ်တကျစိစစ်ပေးဖို့ လိုအပ်နေပြီး အခုနှစ်မှ စတင်ကာ အချက် ၁၈ ချက်ပါ ရေလုပ်သားတွေအားလုံးရဲ့ ကိုယ်ရေး အချက်အလက်တွေကို မှတ်တမ်းရယူကာ သက်ဆိုင်ရာထံ ပေးအပ်ထားရမှာဖြစ်ကြောင်း၊ ပင်လယ်ပြင်အတွင်း ရေလုပ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေကို လုပ်ငန်းရှင်တွေက ပြုလုပ်ပေးဖို့ လိုအပ်နေကြောင်းလည်း သူက ဆက်လက်ပြောကြားပါတယ်။
ရေးမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှတ်တမ်းတွေအရ ပြီးခဲ့တဲ့နှစ် ငါးဖမ်းရာသီက မြို့နယ်အတွင်း ကမ်းဝေး ၁၉၇ စီး၊ ကမ်းနီး ၃၇၂ စီးရှိပြီး မှတ်ပုံတင်ပြုလုပ်ထားတဲ့ ရေလုပ်သား ၄၅၀၀ ဦးသာရှိပါတယ်။
၂၀၁၅ ခုနှစ် ပင်လယ်ပြင်အတွင်း လူသတ်မှု ၉ မှု၊ ၂၀၁၆ ခုနှစ်မှာ ၁၁ မှု၊ ၂၀၁၇ ခုနှစ်မှာ ၁၇ မှုနဲ့ ယခုနှစ်ဇွန်လကုန်အထိ ၁၀ မှုဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။
သတင်း - ၀င်းနိုင်သက်