Email This Story :
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ဘုရားသခင်ရှိကြောင်းသာ သက်သေပြနိုင်ရင် သူ သမ္မတရာထူးကနေ နုတ်ထွက်မယ်လို့ ကတိပေးပြောဆိုခဲ့ကြောင်း newsweek သတင်းမှာ ဖော်ပြပါတယ်။
အသက် ၇၃ နှစ်အရွယ် သမ္မတဖြစ်သူက ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက် ဒါဗာအိုမှာလုပ်ခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အခမ်းအနားမိန့်ခွန်းမှာ ဒီလိုထည့်သွင်းပြောဆိုလိုက်တာပါ။
ဒူတာတေးက “အကယ်လို့ လူသားတွေက ဘုရားသခင်ကို မြင်တွေ့ စကားပြောနိုင်တယ်ဆိုတဲ့ သက်သေကို တစုံတယောက်က ပြသနိုင်မယ်ဆိုရင် သူရာထူးက ချက်ချင်းနုတ်ထွက်သွားမယ်” လို့ လူအုပ်ကြီးကို ပြောခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမိန့်ခွန်းမှာ ဒူတာတေးက ကက်သလစ်ဘာသာရေးဆိုင် ရာယုံကြည်မှုတွေကို ဝေဖန်ခဲ့ပါတယ်။ ဒူတာတေးက ကလေးငယ်တွေကို ရေနှစ်ခြင်းပြုလုပ်ခြင်းနဲ့ မကောင်းဆိုးဝါးရန်က ကာကွယ်ပေးတယ်ဆိုတဲ့ အယူအဆကလည်း အသင်းတော်အတွက် ငွေရဖို့ ဟန်လုပ်နေခြင်းသာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒူတာတေးရဲ့ ဒီလိုပြော ဆိုဝေဖန်မှုတွေဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လ ရုပ်သံမိန့်ခွန်းတခုမှာလည်း ဒူတာတေးဟာ ဘုရားသခင်းကို “Stupid” လို့သုံးနှုန်းခဲ့ပြီး ဒီဘာသာတရားကို လက်ခံမှာ မဟုတ်ဘူးဆိုတဲ့အကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်ရာ နိုင်ငံဖြစ်ပြီး ဒူတာတေးက ဘာသာရေးအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပေမယ့် သူ့ပြောစကားတွေအတွက် ပြန်လည် တောင်းပန်ဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် ဒူတာတေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ သမ္မတရဲ့ ပြောစကားတွေဟာ သူတဦးတယောက်တည်းရဲ့ အမြင်ဖြစ်ကြောင်းနဲ့ ဒူတာတေးဟာ ငယ်စဉ်ဘဝက ခရစ်ယာန်ဘုန်းတော်ကြီးတပါးရဲ့ နှိပ်စက် အနိုင်ကျင့်မှုကို ခံခဲ့ရတာကြောင့် ဒီလိုရှုမြင်နေတာ ဖြစ်တယ်လို့လည်း ခုခံပြောဆိုသွားကြောင်း ဘီဘီစီသတင်းက ဖော်ပြပါတယ်။