Home
မြန်မာသတင်း
ဂူထဲပိတ်မိ ကလေးများကို ကယ်ဆယ်ရေး စတင်၊ ၂၄ နာရီအတွင်း ကယ်ထုတ်မည်
DVB
·
July 8, 2018
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အနီးက ထမ်းလုံဂူထဲ ပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းမှ ကလေးငယ် ၁၂ ယောက်နဲ့ နည်းပြဆရာကို ၂၄ နာရီအတွင်း ကယ်ထုတ်မယ်လို့ ချင်းဟိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီနေ့ ဇူလိုင် ၈ ရက်နေ့ မနက် ၁၀ နာရီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်ဟိုင်းခရိုင်ဝန်က "အခု ကျွမ်းကျင်ရေငုပ်သမားတွေက အခုမနက်ပိုင်းကို ဂူထဲဝင်သွားပါပြီ၊ ကလေးတွေကို ကယ်ထုတ်ဖို့အတွက်ပါ။ ကလေး ၁၃ ယောက်လုံး ထုတ်လာဖို့ ကြိုးစားနေပါတယ်။ ရေငုပ်သမားတွေ အဲ့နေရာကို ရောက်ဖို့ ၅ နာရီနဲ့ ၆ နာရီလောက်ကြာမှာပါ။ ဆရာဝန်ကလည်း ကလေးတွေ ကျန်းမာရေးဟာ ကယ်ထုတ်လို့ရပြီလို့ ပြောပါတယ်” ကလေးတွေကို ဂူထဲမှာ အသက်ရှင်လျှက် တွေ့ရှိခဲ့တဲ့ အင်္ဂလန်က ရေငုပ်ပညာရှင်အဖွဲ့နဲ့ တဖွဲ့တည်းဖြစ်တဲ့ ပညာရှင်တွေလည်း အထဲကို သွားနေပြီလို့ပြောပါတယ်။ ကလေးတွေ ကယ်ထုတ်ဖို့အတွက်ကတော့ ဂူအပြန်လမ်းမှာ အနည်းဆုံး ၈ နာရီလောက် ကြာမြင့်မှာဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်မယ်လို့ မိုးလေ၀သက ထုတ်ပြန်ထားတဲ့အတွက် အခု စတင်ပြီး ကယ်ထုတ်နေတာပါ။ မနေ့ညမှာတော့ ဂူအနီးအနားက ကယ်ဆယ်ရေးသမားတွေ နေတဲ့နေရာကို အစိမ်းရောင် ပိုက်တွေနဲ့ ပတ်ပတ်လည်ကာရံထားပြီး ဒီနေ့မနက်မှာတော့ မီဒီယာသမားတွေအားလုံးကို ဂူနဲ့ ၃ ကီလောက်ဝေးတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြောင်းရွှေ့ထားတာဖြစ်ပါတယ်။ နိုင်ငံတကာက မီဒီယာပေါင်း ၈၀၀ ကျော်ရှိတဲ့အတွက် ကလေးတွေ ကယ်ဆယ်ရေးကို အနှောင့်အယှက်မဖြစ်ဖို့အတွက် ဆိုပါတယ်။ ဂူအနီးအနားက စားသောက်ရေးမှာ ကူညီနေတဲ့ သူတွေအားလုံးကိုလည်း အပြင်ကို ပြောင်းရွှေ့ထားပြီး ဂူအနီးအနားမှာ အရေးပေါ် ကယ်ဆယ်ရေးယာဉ်နဲ့အခြား ကျွမ်းကျင်ပညာရှင်တွေပဲ ရှိတော့တယ်လို့ သိရပါတယ်။ သတင်း - ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024