မုတ္တမတိုက်နယ်ဆေးရုံအတွင်း မိုးသည်း၍ ရေများဝင်ရောက်သဖြင့် လူနာများ ပြောင်းရွှေ့ခဲ့ရ
DVB
·
July 8, 2018
ဇူလိုင် ၇ ရက်နေ့ညက မိုးသည်းထန်ရွာသွန်းခဲ့မှုကြောင့် မွန်ပြည်နယ် ပေါင်မြို့၊ မုတ္တမ တိုက်နယ်ဆေးရုံအတွင်း ရေတွေဝင်ရောက်လို့ ဆေးရုံတက်လူနာတွေ ပြောင်းရွှေ့ခဲ့ရကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရေနစ်မြှုပ်တာခံရတဲ့ မုတ္တမဆေးရုံက လူနာစုစုပေါင်း ၃၂ ယောက်ကို ဆေးရုံကတဆင့် နန်းဦးကျောင်းတိုက်ကို အရေးပေါ်လွှဲပြောင်းပေးခဲ့ရပြီးနောက် လူနာတွေအားလုံးကို အရေးပေါ် ကယ်ဆယ်ရေးအသင်းအဖွဲ့တွေ မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး မော်လမြိုင် ဆေးရုံကြီးနဲ့ ကလေးဆေးရုံ၊ သားဖွားဆေးရုံကို လူနာတင်ယာဉ် ၁၆ စီးနဲ့ ည ၁၁ နာရီလောက် က ပို့ဆောင်ပေးခဲ့ရကြောင်း ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ရေမြုပ်နေတဲ့ မုတ္တမဆေးရုံမှာတော့ ဆေးရုံတက်ရောက်ကုသတဲ့လူနာတွေ မထားတော့ ဘဲ ပြင်ပလူနာတွေဘဲ လက်ခံကုသပေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း မိုးသည်းထန်ရွာသွန်းခဲ့ပြီး ရေကြီးတာကြောင့် မုတ္တမတိုက်နယ်ဆေးရုံက လူနာတွေကို ပြောင်းရွှေ့ခဲ့ရပါသေးတယ်။