Home
မြန်မာသတင်း
၁၉ ဇူလိုင်တွင် အာဇာနည်ဗိမာန်ဝန်းကျင်လမ်းအချို့ ၂၄ နာရီကြာ ပိတ်မည်
DVB
·
July 8, 2018
အာဇာနည်နေ့အခမ်းအနားကျင်းပမယ့် ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်ဝန်းကျင် လမ်းတချို့ကို ဇူလိုင် ၁၈ ရက်က စပြီး ၂၄ နာရီကြာပိတ်ထားမယ်လို့ အခမ်းအနားလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီက ကြေညာထားပါတယ်။ ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဇူလိုင် ၁၉ ရက် မနက် ၈ နာရီမှာ စတင်မှာ ဖြစ်ပြီး ဇူလိုင် ၁၈ ရက် ညနေ ၆ နာရီက ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီအထိ လမ်းတချို့မှာ ဖြတ်သန်းသွားလာတာကို ယာယီ ပိတ်ဆို့ထားမယ်လို့ ဆိုပါတယ်။ ယာယီ ပိတ်ထားမယ့် လမ်းတွေကတော့ ဦးဝိစာရလမ်းနဲ့ အနောက်ရွှေဂုံတိုင်လမ်းဆုံက အနောက် ရွှေဂုံတိုင်လမ်းအတိုင်း လင့်လမ်းနဲ့ ဆုံရာအထိ၊ အနောက် ရွှေဂုံတိုင်လမ်းက အာဇာနည်လမ်းအတိုင်း ရွှေတိဂုံ ဘုရားအရှေ့မုခ် စောင်းတန်းအထိ၊ အနောက် ရွှေဂုံတိုင်လမ်းက အာဇာနည်ဗိမာန်ကို တက်ရောက်တဲ့ အုတ်လှေကားလမ်းနဲ့ ကျောက်ဆည်ဓမ္မာရုံဘေး လမ်းကြားတွေ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ အာဇာနည်ဗိမာန်ကို အများပြည်သူ လာရောက်ဂါရဝပြုနိုင်ဖို့ ဖွင့်လှစ်ထားမှာ ဖြစ်ပြီး လာရောက်ကြမယ့် သူတွေဟာ အနောက်ရွှေဂုံတိုင်လမ်းကတဆင့် အနောက်ရွှေဂုံတိုင်လမ်းနဲ့ အာဇာနည်လမ်းဆုံ ဂိတ် ၁ က ဝင်ပြီး ဂိတ် ၂ ကနေ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ် စောင်းတန်းကို ထွက်ခွာရမယ်လို့ ဆိုပါတယ်။ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကတော့ ရွှေတိဂုံ တောင်ဘက်မုခ်က အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ်ကတဆင့် ရွှေတိဂုံ မြောက်ဘက် မုခ် အာဇာနည်ဗိမာန်ဝင်ပေါက် ဂိတ် ၂ က ဝင်ပြီး အနောက်ရွှေဂုံတိုင်လမ်းကို ဂိတ် ၃ က ပြန်ထွက်ခွာ ရမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နဲ့  ဝန်ကြီးများရုံး (အတွင်းဝန်များ ရုံးဟောင်း) ကိုလည်း အများပြည်သူ ဝင်ရောက်နိုင်အောင် ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။ ဝင်ရောက်ဂါရဝပြုကြမယ့်သူတွေဟာ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း၊ ဘူးအမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင်ဆောင်ရာမှာ သုံးတဲ့ တုတ်၊ သံပိုက်၊ ကော်ပိုက်နဲ့ ကြိုတင်စစ်ဆေးမခံထားတဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်မယ့် ပစ္စည်းတွေ ယူဆောင်ခွင့်မပြုဘူးလို့လည်း ကြေညားထားပါတယ်။ ပြီးတော့ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နဲ့ ဝန်ကြီးများရုံး (အတွင်းဝန်များ ရုံးဟောင်း) ကို ဝင်ထွက်ရာ လမ်းကြောင်းနဲ့ ဂိတ်တွေမှာ လုံခြုံရေးအရ ရှာဖွေစစ်ဆေးတာတွေကို ကြည်ကြည်ဖြူဖြူ အစစ်ဆေးခံပေးကြပြီး သတ်မှတ်လမ်းကြောင်းတွေကနေ စည်းကမ်းတကျ ဝင်ရောက်ထွက်ခွာကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024