ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား ရတနာပုံတက္ကသိုလ်တွင်ကျင်းပ
DVB
·
July 6, 2018
၅၆ နှစ်မြောက် ဆဲဗင်းဇူလိုင် အရေးအခင်း အောက်မေ့ဖွယ်အခမ်းအနားနဲ့ စာပေဟောပြောပွဲကို ဒီကနေ့ ဇူလိုင်၆ရက် မနက် ၁ဝ နာရီက မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမမှာ ကျင်းပပါတယ်။
ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ သမဂ္ဂခွပ်ဒေါင်းအလံအား အလေးပြုပြီး ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မအိမွန်ခင်က အဖွင့်အမှာ စကားပြောကြား ကာ တက္ကသိုလ်အသီးသီးက ညီနောင်သမဂ္ဂတွေကပေးပို့တဲ့ သဝဏ်လွှာတွေကို ကိုယ်စားလှယ်တွေက ဖတ်ကြားခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အခုလက်ရှိအချိန် အန်အယ်လ်ဒီအစိုးရလက်ထက်ထိ ကျောင်းထဲမှာ သမဂ္ဂတွေ တရားဝင်ဖြစ်တည်မှုရအောင် အာမခံချက်မရှိသေးတဲ့ အခြေအနေဖြစ်နေတယ်လို့ ကျောင်းသားသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ပြောပါတယ်။
“ကျနော်တို့ သမဂ္ဂတွေ လှုပ်ရှားခွင့်တော့ရတယ်။ တရားဝင်ဖြစ်တည်ဖို့က အခုချိန်ထိ အာမခံချက်မရှိသေးဘူး။ ကျနော်တို့သမဂ္ဂတွေ ကျောင်းထဲမှာ တရားဝင်ဖြစ်တည်ခွင့်ရအောင် ကျနော်တို့ လုပ်နေတယ်။ ပြီးတော့ ကျနော်တို့ အဆင့်မြင့် ကဏ္ဍတွေမှာ သမဂ္ဂတွေ ကျောင်းသားထုရဲ့ အသံတွေပါဝင်လာအောင် ကျနော်တို့ လုပ်နေပါတယ်”
အခမ်းအနားမှာ စာရေးဆရာမ မသီတာ (စမ်းချောင်း)က အနာဂတ်ကိုမမေ့ကြနဲ့ ခေါင်းစဉ်နဲ့ဟောပြောခဲ့ပြီး ဆရာမောင်မှိုင်းလွင် (အင်းဝ)က ပညာပြည့်ဝ နှလုံးလှ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။