အကောက်ခွန်သက်သာရန် နော်ဝေနှင့် ဆွေးနွေးမည်
DVB
·
July 11, 2012
နော်ဝေအစိုးရက မြန်မာနိုင်ငံအပေါ် ပြန်လည်ခွင့်ပြုထားတဲ့ တဖက်သတ် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ အစီအစဉ် General System of Preferences (GSP) ကို ခံစားခွင့်ရဖို့ လာမယ့်စက်တင်ဘာမှာ ရန်ကုန်မှာ နှစ်ဖက်ဆွေးနွေးနိုင်ရေး ကြိုးပမ်းနေပါတယ်။
ဒီနှစ်ဆန်းကတည်းက အကောက်ခွန်သက်သာခွင့်ပြန်ခံစားဖို့ ဆုံးဖြတ်ပေမယ့် သက်ရောက်မှု မရှိသေးတာ ဖြစ်ပါတယ်။
ဂျီပီအက်စ်အသက်ဝင်စေဖို့အတွက် လာမယ့် စက်တင်ဘာလအတွင်းမှာ နော်ဝေ အကောက်ခွန် ဦးစီးဌာနနဲ့ ထိုင်းနိုင်ငံရှိ နော်ဝေသံရုံးမှ တာဝန်ရှိသူတွေ မြန်မာပြည်ကို လာဆွေးနွေးနိုင်ဖို့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဂျီအက်စ်ပီလို့ခေါ်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဖွံ့ဖြိုးမှုနည်းပါးတဲ့နိုင်ငံတွေနဲ့ ဖွဲ့ဖြိုးဆဲနိုင်ငံတွေရဲ့ ပို့ကုန်တွေအပေါ် အကောက်ခွန် သက်သာခွင့်ပေးတဲ့ အစီအစဉ်ကို မြန်မာက ခံစားခွင့်ရထားပေမယ့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေပေါ် ထောက်ရှုပြီး ၂၀၀၃ ခုနှစ်မှာ နော်ဝေနိုင်ငံက ရပ်ဆိုင်းခဲ့တာပါ။ အလားတူ ဥရောပသမဂ္ဂအဖွဲ့ကြီးကလည်း ဒဏ်ခတ်ပိတ်ဆို့မှုနဲ့အတူ ဂျီအက်စ်ပီပါ ရပ်ဆိုင်းတာကို ခံခဲ့ရပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲမှုတွေပေါ်မှာ အသိအမှတ်ပြုမှု အဖြစ် နော်ဝေနဲ့အတူ အီးယူအဖွဲ့ကပါ ဆန်ရှင်တွေ အထိုက်အလျောက် ရုပ်သိမ်း ဆိုင်းငံ့ခဲ့တာကြောင့် အကောက်ခွန်သက်သာခွင့် ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပြီး လက်တွေ့ လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းတွေ ညှိနှိုင်းရဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။