ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ထဲမှာ ကချင်လက်နက်ကိုင်တွေနဲ့ အစိုးရတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက် ဖြစ်ပွားနေတဲ့အတွက် တရုတ်နယ်စပ်ကို တိမ်းရှောင်ထွက်ပြေးလာတဲ့ ရွာသားတွေကို တရုတ်နယ်ခြားစောင့်တပ်က မောင်းထုတ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။
[caption id="attachment_27883" align="aligncenter" width="500" caption="နယ်စပ်ရှိလယ်ယာများတွင် တဲထိုးနေထိုင်ကြသည့် ဒုက္ခသည်များ"][/caption]ဇူလိုင် ၆ ရက်နေ့က အစိုးရတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ)တို့ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်မှာ အစိုးရတပ်က ရွာသားတွေကို တိုက်ပွဲနဲ့ လွတ်ရာမှာနေကြဖို့နဲ့ ပစ္စည်းတွေကို နေရာရွှေ့ထားဖို့ ပြောတဲ့အတွက် ရွာသားတွေက တရုတ်ဘက်ကမ်းကို ကူးသွားရာကနေ မောင်းထုတ်ခံရတာပါ။
ပန်ဆိုင်းမြို့နယ် ဖိုင်ကောင်း၊ နမ်းဖူး၊ ရေပူနဲ့ အနီးနားရွာတွေကနေ နယ်စပ်ကို ထွက်ပြေးရောက်နေတဲ့ ရွာသား ၁၅၀၀ လောက်ရှိနေပြီး နယ်စပ်ကိုကျော်လာတဲ့ ရွာသားတွေကို တရုတ်နယ်ခြားစောင့်တပ်က မောင်းထုတ်တဲ့အကြောင်းကို နယ်စပ်အနီး လယ်ထဲမှာ တဲထိုးနေတဲ့ ရွာသားတဦးက ခုလို ပြောပါတယ်။
“တရုတ်ရဲတွေက ဒီဘက်ကမ်းမှာ အခု လောလောဆယ်တိုက်ပွဲမဖြစ်ဘူး၊ တိုက်ပွဲဖြစ်တဲ့အခါမှ ပြေးလာကြပါဆိုပြီး လာမောင်းထုတ်တာပေါ့။ တယောက်ကိုလည်း ဖမ်းသွားပြီး စစ်ဆေးတယ်။ အိမ်ကလူတွေ ပြန်သွားပြောမှ ပြန်လွှတ်ပေးခဲ့တယ်။ ပြန်လာတွေ့ရင်တော့ တရွာလုံးထွက်ပြေးလာတဲ့ လူတွေအကုန်လုံးကို လာဖမ်းပြီး ထောင်ချမယ်၊ ဘာညာ စစ်ဆေးတာတော့ရှိတယ်။ အခုက တရုတ်ကမ်းလည်း မကူးရဲတော့ နယ်စပ်မှာ စုပြီးတဲလေးထိုးနေတဲ့လူလည်းရှိတယ်။ တချို့ကျတော့ တောထဲမှာ တဲထိုးပြီးနေတဲ့ လူလည်းများပါတယ်။”
[caption id="attachment_27884" align="alignright" width="500" caption="ဖိုင်းကောင်းကျေးရွာ နယ်ခြားမှတ်တိုင် ၉၀ "][/caption]လတ်တလော ကချင်ဒုက္ခသည်တွေဟာ မိုးကာနဲ့သောက်သုံးရေတွေ အရေးတကြီး လိုအပ်နေပြီး စပါးစိုက်ထားတဲ့ လယ်ကွင်းထဲက ရေတွေက ပိုးသတ်ဆေးတွေ ဖြန်းထားတဲ့အတွက် ရေတွေသောက်သုံးဖို့ မသင့်လို့ အခက်တွေ့နေတယ်လို့လည်း ပြောပါတယ်။
ကချင်ပြည်နယ်မှာ တနှစ်ကျော်ကြာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ရွာသူရွာသားတွေဟာ မြစ်ကြီးနားမြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ သာမက နယ်စပ်တလျှောက်နဲ့ တောတွင်းက ဒုက္ခသည်စခန်းတွေမှာလည်း နေထိုင်နေရတာပါ။
နယူးယောက်အခြစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တရုတ်အစိုးရဟာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို အင်အားသုံးပြီး ပြန်ပို့ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ လကုန်ပိုင်းက အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ကချင်ဒုက္ခသည်တွေကို ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်တဲ့အထိ ယာယီ အကာအကွယ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ တရုတ်အစိုးရကတော့ ဒီအစီရင်ခံစာကို မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။