A d v e r t i s e m e n t With Us

ရှမ်း​ခေါင်း​ဆောင် ခွန်ထွန်း​ဦး​ ကျန်း​မာ​ရေး​ကုသပြီး​ ရန်ကုန်ပြန်​ရောက်

ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာ သွား​ရောက်​ဆေး​ကုသမှုခံယူတဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ခွန်ထွန်း​ဦး​ဟာ မ​နေ့​က ရန်ကုန်မြို့​ကို ပြန်လည်​ရောက်ရှိ​နေပြီး​ ကျန်း​မာ​ရေး​ ​ကောင်း​မွန်တယ်လို့​ သိရပါတယ်။ ဒူး​ဆစ်နဲ့​ ခါး​အရိုး​ကျည်း​ပေါင်း​တက်​ရောဂါ​တွေ ကုသဖို့​ ဇူလိုင်လ ၂ ရက်​နေ့​ကတည်း​က ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာ သွား​ရောက် ​ဆေး​ကုသမှုခံယူခဲ့​တာပါ။ ခွန်ထွန်း​ဦး​က “​ကောင်း​ပါတယ်။ ဘာမှ ​ထွေ​ထွေထူး​ထူး​မရှိ​တော့​ပါဘူး​။ ဆရာဝန်က နည်း​နည်း​ အစား​အ​သောက်ပြင်ခိုင်း​တာပဲရှိပါတယ်။ ရှင်း​ရှင်း​ပြောရရင် ​ထောင်ထဲမှာ​နေရတဲ့​ဒဏ်​ပေါ့​။ ဒူး​ဆစ်ထိသွား​ပြီး​ လမ်း​မ​လျှောက်နိုင်ဘူး​။ ဝိတ်ကတိုး​လာ​တော့​ တခြား​ရောဂါ​တွေ ဝင်လာတာပါ။ ကျ​နော်က စိုး​ရိမ်ပြီး​ သွား​တာပါ။ အခု​တော့​ အ​ခြေအ​နေ​ကောင်း​ပြီ” လို့​ ​ပြောပါတယ်။ အစပိုင်း​က ခွဲစိတ်ကုသရမယ်လို့​ ထင်ထား​ပေမယ့်​ မခွဲရဘဲ လိုအပ်တဲ့​ ​ဆေး​ဝါး​တွေ​ပေး​ပြီး​ ​နောက်တလ ပြန်လာဖို့​ ချိန်း​ဆိုထား​တယ်လို့​ ဆိုပါတယ်။ ခွန်ထွန်း​ဦး​ဟာ ဘန်​ကောက်မှာ ​ဆေး​ကုသမှုခံယူစဉ် ထိုင်း​နိုင်ငံ​ရောက် ရှမ်း​တိုင်း​ရင်း​သား​ အလုပ်သမား​နဲ့​ ထိုင်း​နိုင်ငံမှာ ပညာလာသင်​နေတဲ့​ တက္ကသိုလ်​ကျောင်း​သူ ​ကျောင်း​သား​တွေကိုလည်း​ ဘုန်း​ကြီး​ကျောင်း​တ​ကျောင်း​မှာ ​တွေ့​ဆုံပြီး​ တတ်ထား​တဲ့​ပညာ​တွေ တိုင်း​ပြည်ပြန်လာအသုံး​ချဖို့​ တိုက်တွန်း​ခဲ့​တယ်လို့​လည်း​ ​ပြောပါတယ်။ “ကျ​နော်အထူး​မှာကြား​ခဲ့​တာက​တော့​ ပညာ​တွေတတ်ထား​ပြီး​ ဟိုမှာပဲ ​ပျော်​မွေ့​မ​နေပါနဲ့​။ ကိုယ့်​တိုင်း​ပြည်ကိုလည်း​ ပြန်လာပါ။ ကိုယ့်​တိုင်း​ပြည်မှာလည်း​ တတ်ထား​တဲ့​ ပညာကို ပြန်ပြီး​ အသုံး​ချဖို့​လို​နေပြီပဲ။ အ​ခြေအ​နေကလည်း​ ပွင့်​လာပြီဆို​တော့​ လာပြီး​ ကြည့်​လိုက်ပါဦး​။ ကိုယ့်​တိုင်း​ပြည် အထူး​သဖြင့်​ ရှမ်း​ပြည်ဘယ်လိုဖြစ်​နေလဲ။ ရှမ်း​လူမျိုး​တွေ ဘယ်လိုဖြစ်​နေလဲ ဆိုတာ လာကြည့်​လှည့်​ဦး​။ ငါ့​လက်က လွတ်ပြီး​ရောဆိုပြီး​ မထား​သင့်​ဘူး​လို့​။ ပညာ​တွေ ​ကောင်း​ကောင်း​ယူထား​ပြီး​ တည်​ဆောက်​ပေး​ရင် ပို​ကောင်း​တာ​ပေါ့​။ က​လေး​တွေကို ​ကောင်း​ကောင်း​မှာခဲ့​တယ်။” ခွန်ထွန်း​ဦး​ဟာ ရှမ်း​ပြည်အတိုင်ပင်ခံများ​အဖွဲ့​ ထူ​ထောင်ဖို့​ကြိုး​ပမ်း​စဉ် ၂၀၀၅ ခုနှစ်မှာ အဖမ်း​ခံခဲ့​ရပြီး​ ​ထောင်ဒဏ် ၉၃ နှစ် ချထား​ခြင်း​ခံခဲ့​ရာက ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလက သမ္မတ ဦး​သိန်း​စိန်ရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပူတာအို အကျဉ်း​ထောင်က​နေ လွတ်​မြောက်လာခဲ့​သူပါ။ အခု ဘန်​ကောက်မြို့​ကို လာ​ရောက်​ဆေး​ကုသတဲ့​ခရီး​ဟာ ​ထောင်ကပြန်လည် လွတ်​မြောက်လာပြီး​နောက် သူ့​ရဲ့​ ပထမဆုံး​ ပြည်ပခရီး​စဉ်လည်း​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up