မိတ္ထီလာတွင် လယ်သိမ်းခံရသည့် လယ်သမားများ ထွန်တုံးတိုက်ပွဲစတင်

မန္တလေးတိုင်း မိတ္ထီလာ ခရိုင်ထဲက မြို့နယ်တွေမှာ လယ်သိမ်းခံရတဲ့ တောင်သူတွေဟာ သူတို့ပိုင်ဆိုင်ခဲ့တဲ့ လယ်မြေတွေကို တရားနည်းလမ်းနဲ့ ပြန်ရအောင် ကြိုးပမ်းခဲ့ပေမယ့် မရတဲ့အတွက် ထွန်တုံးတိုက်ပွဲဝင်ခဲ့ကြပါတယ်။ မိတ္ထီလာခရိုင်ထဲက မလှိုင်၊ ၀မ်းတွင်း၊ သာစည်နဲ့ မိတ္ထီလာ ၄ မြို့နယ်အတွင်းက လယ်သိမ်းခံရတဲ့ တောင်သူတွေက သိမ်းခံထားရတဲ့ လယ်တွေထဲကို ဆင်းကာ ဒီနေ့ တပြိုင်တည်း ထွန်ယက်စိုက်ပျိုးပြီး ထွန်တုံးတိုက်ပွဲကို စတင်လိုက်တာပါ။ တောင်သူတွေက လယ်သိမ်းခံရတာကို အာဏာပိုင်တွေဆီ စာတင်ခဲ့ပေမယ့်လည်း ဆောင်ရွက်မပေးတဲ့အတွက် မိတ္ထီလာက ပြည်သူ့အကျိုးဆောင်ကွန်ရက်နဲ့အတူ လယ်သိမ်းခံထားရတဲ့ တောင်သူတွေက ထွန်တုံးတိုက်ပွဲကို စတင်ရတာလို့ ကွန်ရက်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။ “အသိမ်းခံထားရတဲ့ မြေကို သူတို့ရဲ့ ဦးပိုင်နာမည်ပေါက်တွေ ဖြစ်တယ်လို့ ကုမ္ပဏီတွေက ပြောတာပေါ့လေ။ အဲဒါကို ကျမတို့ မနက်ဖြန်ကျရင် ရှင်းရမှာပေါ့။ တိုက်ပွဲက အစပဲ ရှိသေးတယ်။ ဘယ်လို ပြေလည်သွားမလဲဆိုတာ မပြောနိုင်သေးဘူး။” လယ်သမားတွေဟာ မိတ္ထီလာခရိုင် မလှိုင်မြို့နယ် သရက်ခြံကျေးရွာမှာ ကောင်းကင်ကုမ္ပဏီက သိမ်းယူထားတဲ့ မြေဧက ၂၀၀ ကျော်ကို ၀င်ရောက် ထွန်ယက်ခဲ့တာပါ။ အလားတူ သာစည်မြို့နယ် ကျွဲတပ်ဆုံ အုပ်စုထဲမှာရှိတဲ့ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က သစ်တောဦးစီးက သိမ်းယူထားတဲ့ ဧက ၄၀ ကိုလည်း လယ်သမားတွေက ထွန်ယက်ခဲ့သလို မလှိုင်မြို့နယ် ရွာသစ်နဲ့ မကျည်းကုန်းရွာကြားက အာဏာပိုင်တွေသိမ်းထားတဲ့ လယ်မြေတွေကိုလည်း ၀င်ရောက် ထွန်ယက်ခဲ့ကြပါတယ်။ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးတွေကတော့ ဇူလိုင် ၉ ရက်နေ့လောက် ကတည်းက လယ်ထဲမှာ ဆင်းထွန်ယက်ခြင်းမပြုဖို့ တားမြစ်တာတွေ လုပ်ဆောင်ခဲ့ပြီး ဒီနေ့လည်း လယ်သမားတွေ လယ်ထဲဆင်း ထွန်ယက်ရာမှာ ကုမ္ပဏီတွေနဲ့ ပြဿနာ မဖြစ်စေအောင် ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up