Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် တနှစ်အတွင်း မူးယစ်ဆေးစွဲပြီး ဆေးကုသမှုခံယူခဲ့ရပေါင်း ၇၅၀၀ ကျော်ရှိ
DVB
·
July 4, 2018
မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့နှစ်အတွင်းမှာ မူးယစ်ဆေးစွဲပြီး ဆေးကုသမှု ခံယူခဲ့ရသူပေါင်း ၇၅၃၆ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ မူးယစ်ဆေးစွဲ ကုသရေးနှင့် သုတေသနဌာနက ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာအရ သိရပါတယ်။ မူးယစ်ဆေးစွဲပြီး ဆေးကုသမှုခံယူခဲ့သူတွေထဲမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းေ ဒသကြီးနဲ့ ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ အနည်းဆုံး ဖြစ်ပါတယ်။ ဆေးကုသမှုခံယူခဲ့သူတွေရဲ့ ၃ ပုံ ၁ ပုံလောက်ဖြစ်တဲ့ ၂၈ ရာခိုင်နှုန်းလောက်ဟာ အသက်  ၁၅ နှစ်နဲ့ ၂၄ နှစ်အကြား လူငယ်လူရွယ်တွေဖြစ်ကြပြီး အမျိုးသားတွေက ၉၈ ရာခိုင်နှုန်းကျော် အမျိုးသမီးတွေက ၁ ဒသမ ၃၉ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ဘိန်းဖြူသုံးစွဲပြီး ဆေးကုသမှုခံယူသူများပြီး ရန်ကုန်တိုင်းမှာတော့ စိတ်ကြွဆေးသုံးစွဲတာကြောင့် ဆေးကုသမှု ခံယူသူ အရေအတွက် အများဆုံးဖြစ်ပါတယ်။ ဆေးကုသမှု လာရောက်ခံယူသူတွေအထဲမှာ အထက်တန်းပညာ သင်ကြားဖူးသူ လေးပုံ တပုံကျော်၊ အလယ်တန်းပညာသင်ကြားဖူးသူ သုံးပုံတပုံလောက်နဲ့ မူလတန်းပညာ သင်ကြားဖူးသူကတော့ လေးပုံတပုံကျော် ပါဝင်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးသူပေါင်း ၁၉၀၀၀၀ ကျော်ရှိပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါ၊ အသည်းရောင် အသားဝါရောဂါနဲ့ တီဘီ ရောဂါကူးစက်မှုတွေ  မြင့်တက်လာနေတယ်လို့ ၂၀၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးကို အကြောတွင်းသို့ ထိုးသွင်းသုံးစွဲသူတွေအကြား အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားနှုန်း ၃၇ဒသမ၅ ရာခိုင်နှုန်းရှိပြီး ဒေသအလိုက်ဆိုရင်တော့ လားရှိုးမှာ ၃၇ ဒသမ ၄ ရာခိုင်နှုန်း၊ မန္တလေးမှာ ၃၇ ရာခိုင်နှုန်း၊ မြစ်ကြီးနားမှာ ၅၄ဒသမ ၅ ရာခိုင်နှုန်း၊ မူဆယ်မှာ ၄၃ ဒသမ ၃ ရာခိုင်နှုန်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်မှာ ဘိန်းဖြူ ၁၈၆ဒသမ၀၄ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြား ၄၉ ဒသမ ၅ သန်းကျော် ဖမ်းမိရာက ၂၀၁၆ ခုနှစ်မှာ ဘိန်းဖြူ ၇၆၉ ဒသမ ၂၆ ကီလိုဂရမ်နဲ့ စိတ်ကြွဆေးပြား ၉၈ ဒသမ ၃၅ သန်း ကျော် ဖမ်းဆီးရမိခဲ့လို့ မူးယစ်ဆေးဝါး ပြဿနာကြီးထွားလာနေတယ်လို့ ကျန်းမာရေးဌာနရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမှုပေါင်းကတော့ ၁၃၆၄၀ မှု ရှိခဲ့ပြီး ကာလတန်ဖိုး ကျပ်သန်းပေါင်း ၅၂၀,၀၀၀ ကျော်ရှိတယ်လို့ သမ္မတ ဦးဝင်းမြင့်က ဇွန်လ ၂၆ ရက်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားထားပါတယ်။ နိုင်ငံတဝန်းမှာ မူးယစ်ဆေးစွဲ ကုသရေးဌာနကြီးပေါင်း ၂၆ခု၊ ဌာနငယ်ပေါင်း ၄၇ ခု နဲ့ မက်သဒုံးဆေး တိုက်ကျွေးတဲ့ နေရာပေါင်း ၅၀ ကျော်ကို အစိုးရက ဖွင့်လှစ်ဆောင်ရွက်ပေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024