ကျူရှင်ဆရာတွေ အလုပ်ဖြစ်နေကြသလား
DVB
·
July 4, 2018
ပညာရေးလောကမှာ ကျူရှင်သင်ကြားတဲ့ ဆရာတွေ အရေးယူမယ်ဆိုတဲ့ သတင်းတွေ တွင်တွင်ကျယ်ကျယ် ကြားလာရပါတယ်။
အစိုးရကျောင်းတွေရဲ့ ပုံရိပ် ကျဆင်းလာတာနဲ့အမျှ ကျူရှင်လောကဟာ နာမည်ရလာပါတယ်။
ဆရာ၊ ဆရာမတွေကလည်း အပိုဝင်ငွေရအောင် မိမိတို့တတ်ထားတဲ့ ပညာနဲ့ လုပ်စားလာကြပါတယ်။ ဒီနေရာမှာ ဆရာတဦးချင်းစီရဲ့ သဘောထားအပေါ် မူတည်ပြီး ကျူရှင်သင်ကြားမှုအပေါ်မှာ အကောင်းအဆိုး ကွဲပြားလာရာက ဆရာတွေ ကျူရှင်မသင်ရ ဆိုတဲ့ သတ်မှတ်ချက်တွေ ပေါ်လာပါတယ်။ မိမိဆီမှာ ကျူရှင်မတက်တဲ့ ကျောင်းသားကို ဖိနှိပ်ပြီး ကျူရှင်တက်တဲ့ ကျောင်းသားကို မျက်နှာသာပေးတဲ့အတွက် ကျောင်းသားမိဘတွေ၊ ကျောင်းသားတွေရဲ့ ဝေဖန်မှုတွေ ကြားလာရပါတယ်။ ဒါပေမယ့် ကျောင်းသားမိဘများကတော့ အချိန်တန်ရင် ကျူရှင်ဆရာတွေဆီ ကိုယ့်သားသမီးကို အပ်ကြတာပါပဲ။
သူတို့ အမြဲပြောကြတာက အစိုးရကျောင်းကိုချည်းပဲ အားကိုးလို့ မရဘူးလေတဲ့။ ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေက ဂရုတစိုက် မသင်ကြဘူးတဲ့။ ကျူရှင်ကျမှ သင်တာတဲ့။
ဒီအသံတွေကြားရတာ တကယ် စိတ်မချမ်းသာစရာပါပဲ။ ကလေးတွေမှာလည်း အိမ်နဲ့ ကျောင်း၊ ကျောင်းနဲ့အိမ်၊ ကျောင်းကသင်တဲ့စာ၊ ကျူရှင်ကသင်တဲ့စာနဲ့ လုံးလည်ချာလည် လိုက်နေရတာပါပဲ။ ဒီနေရာမှာ ဆရာတွေက ကျောင်းမှာ စာကောင်းကောင်းမသင်လို့ ကျူရှင်ပို့ရတယ်ဆိုတဲ့ အချက်က အတော်လေး စိတ်ပျက်ဖို့ကောင်းပါတယ်။
တကယ်ရော ဒီလိုတွေ ဖြစ်နေလားဆိုတော့ တကယ်ဖြစ်နေတာတွေကလည်း ရှိပါတယ်။ ဆရာတွေက ကျောင်းမှာ ကလေးတွေကို စာကောင်းကောင်းမသင်ဘူးဆိုတဲ့ အချက်က သူ့ဆီမှာ ကျူရှင်လာတက်စေချင်လို့ မသင်တာလားပေါ့။
ဒါတွေက တကယ်တမ်း ပညာရေးလောကမှာ ဖြစ်နေတဲ့ ဖြေရှင်းရခက်တဲ့ ပြဿနာတွေလည်း ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ပုပ်လို့ ပေါ်သလို ဟုတ်လို့လည်း ကျော်ခဲ့ပါပြီ။ ဆရာတွေ ဆရာစိတ် အားနည်းလာတဲ့အပေါ်မှာ ကျနော်တို့ အဖြေရှာသင့်ပါပြီ။
အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးတဲ့အတွက် ဘွဲ့ရရင် အလုပ်တခု ဝင်လုပ်ဖို့အတွက် ဘယ်ဌာနကပဲ ခေါ်ခေါ် အလုပ်လျှောက်ကြတယ်။ ဝါသနာပါတာ၊ မပါတာက နောက်။ အလုပ်တခုရဖို့က အရေးကြီးနေတာလေ။
အဲဒီမှာ အလုပ်လည်းရရော ကျောင်းဆရာလစာနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အပိုဝင်ငွေရှာဖို့ လုပ်ကြတော့ ကျောင်းဆရာက ကျူရှင်သင်ဖို့ အရင်မြင်တယ်။ ကျူရှင်ဆရာတွေကလည်း ဝင်ငွေကောင်းနေကြတော့ လစာလောက်ကို စဉ်းစားစရာ မဟုတ်ဘူး။ ဆရာဆိုတဲ့ နာမည်လေးရတာနဲ့ ကျူရှင်ပြပြီး ငွေရှာတယ်။ တကယ် ကိုယ်တာဝန်ကျတဲ့နေရာကို မသွားဘဲ ရုံးနဲ့ညှိပြီးနေတဲ့ ဆရာတွေတောင် မြင်ဖူးပါတယ်။ ခုထိလည်း ရှိနေဆဲပါပဲ။
သူတို့က လစာကို ရုံးက အထက်လူကြီးတွေကို တဝက်ပေးထားတယ်။ အထက်လူကြီးတွေအနေနဲ့လည်း ဆရာတယောက်ကို ခုလက်ရှိ လစာအနေအထားအရ တဝက်ဆိုရင်တောင် တသိန်းလောက် ရတာဆိုတော့ အဲဒီလို ဆရာ ဆယ်ယောက်လောက် ရှိရင် သူတို့က ဘာမှမလုပ်ရဘဲ တလ ဆယ်သိန်းလောက် ဝင်နေရော။ ငွေပေးထားရတဲ့ ဆရာတွေဘက်ကလည်း ကိုယ် တာဝန်ကျတဲ့ နေရာလည်း သွားစရာမလို၊ ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ မိသားစုနဲ့ အိုးမကွာ အိမ်မကွာ နေရင်း လစာလည်း တဝက်လောက်ကျန်တယ်။ အပြင်ကျူရှင်ပြတာက လစာထက် ပိုများနေတော့ သူတို့ကလည်း တွက်ခြေကိုက်တယ်။ နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းပြီး လုပ်ကြတာတွေပေါ့။
တကယ်တမ်း နစ်နာရတာက ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေပါပဲ။ သားသမီး ပညာသင်ဖို့အတွက် ကျူရှင်ခက ကိုးတန်း၊ ဆယ်တန်းဆို တလ ငါးသောင်း ခြောက်သောင်းလောက် ပေးနေရတာပေါ့။ ကျောင်းသားတွေအနေနဲ့ကလည်း နားချိန်မရဘူး။ ကျောင်းကဆင်းရင် ကျူရှင်ပြေးရပြန်ရော။ တချို့များ ည စာဖတ်ကျောင်းဆိုပြီး သွားရတာ ရှိသေးတယ်။ စာဖတ်ကျောင်းကလည်း အလကားရတာတော့ မဟုတ်ဘူး။ တလ တသောင်းခွဲလောက် ပေးရတာ။
ဒီလိုနဲ့ ကျူရှင်လောကဟာ အတော်လေး အောင်မြင်လာတယ်။ ကျူရှင်ဆရာတွေ အားလုံးနီးပါးဟာ လက်ဖျား ငွေသီးနေတယ်လို့တောင် ပြောလို့ရပါတယ်။ ငွေရတာတော့ ထားပါတော့။ ဒါကို ပြဿနာတခုလိုတော့ မမြင်မိပါဘူး။
ကျူရှင်ဆရာဆိုတာ သူတို့ရဲ့အချိန်တွေကို အခြားဆရာတွေထက် ပိုရင်းထားရတာပါ။ သူများတွေ နားတဲ့အချိန် အာပြဲအောင် အော်နေရတာပါ။ အခြားဆရာတွေ နားနေတဲ့အချိန်မှာ သူတို့က အလုပ်လုပ်နေကြတာလေ ငွေရတာပေါ့။ ဒါကိုတော့ အပြစ်လို့ မဆိုချင်ပါဘူး။
ပြဿနာက ကျူရှင်ပြတဲ့ ဆရာတွေထဲမှာ တယောက်နဲ့တယောက် အပြိုင်အဆိုင်တွေ ဖြစ်လာပါတယ်။ သူ့ကျူရှင်ကောင်းတယ်၊ ငါ့ကျူရှင်ကောင်းတယ်နဲ့ တဖက်ကိုတဖက် ထိုးနှက်လာကြပြန်ပါတယ်။ ဘာသာရပ် လုလာကြပါတယ် အတန်းပိုင် လုလာကြပါတယ်။ တကျောင်းတည်း အတူတာဝန်ကျနေပေမယ့် တယောက်နဲ့တယောက် မတည့်ကြတော့ပါဘူး။ မတည့်သူတွေက တကျောင်းတည်း အတူတာဝန်ထမ်းဆောင်ရပြီ ဆိုကတည်းက အဆင်မပြေကြတော့ပါဘူး။
လူဆိုတာက ကိုယ်နဲ့ မတည့်တဲ့သူရဲ့ မျက်နှာမြင်ရင် အလိုလို ဒေါသဖြစ်တတ်သေးတာကိုး။ ဒေါသဖြစ်မိတော့ စိတ်အနှောင့်အယှက်ဖြစ်။ အဲဒီမှာ တကယ်တမ်း နစ်နာရတာက ကလေးတွေပေါ့။ စိတ်မကြည်လင်တဲ့ ဆရာတယောက်အနေနဲ့ သင်ကြားရေးကို ဘယ်လောက် ထိထိရောက်ရောက် လုပ်နိုင်မလဲ။
ဒီလိုနဲ့ ကျောင်းရဲ့ပုံရိပ်ဟာ ကျဆင်းရပါတယ်။ သက်ဆိုင်ရာကျောင်းရဲ့ ကျောင်းအုပ်ကြီးတွေကလည်း မိမိကျောင်းကို စည်းကမ်းစနစ်တကျဖြစ်အောင် မစီမံနိုင်ခဲ့ရင် အဲဒီကျောင်းရဲ့ အတွင်းပိုင်းမှာ ကျူရှင်လုကြရင်း ဆရာ၊ ဆရာမတွေ အုပ်စုကွဲကုန်တော့တာပါပဲ။
အဲဒီမှာ အစိုးရကျောင်းတွေရဲ့ ပုံရိပ်ဟာ ကျဆင်းလာတယ်။ ဒါကြောင့် ပညာရေးဌာနနဲ့ ကျူရှင်လောကဟာ ဂျာအေးကို သူ့အမေရိုက်တဲ့ကိန်း ဆိုက်ရတာပါပဲ။
လူဆိုတာ ကိုယ့်ကို ထမင်းကျွေးတဲ့ အလုပ်ကို တလေးတစား လုပ်တတ်ကြပါတယ်။ ကျနော်တို့ ဆရာ၊ ဆရာမတွေကို ထမင်းကျွေးတဲ့အလုပ်က ပညာသင်ကြားရေးပါ။ ဒါဆို အစိုးရကျောင်းတွေမှာ ပညာသင်ကြားရေးအလုပ်ကို တလေးတစား မလုပ်ဘဲ ဘာကြောင့် ကျူရှင်လို့ခေါ်တဲ့ ကိုယ်ပိုင်အလုပ်ကို လေးလေးစားစား လုပ်ကြတာလဲဆိုတော့ အဖြေက ရှင်းပါတယ်။ ငွေပိုရလို့ပါပဲ။ ခေတ်ကာလ အခြေအနေအရ လူတွေဟာ လိုအပ်ချက်တွေ ပိုများလာသလို အဲဒီလိုအပ်ချက်တွေဖြည့်ဖို့ ငွေပိုလိုလာပါတယ်။ ဒါကြောင့်ပဲ ရတဲ့လစာနဲ့ အဆင်မပြေနိုင်တဲ့အခါ ကျောင်းဆရာ၊ ဆရာမတွေ အပိုဝင်ငွေရှာရာက ကျူရှင်စနစ်ဟာ ထွန်းကားလာတယ်။ ဒါကို မလုပ်ရဘူးဆိုပြီး စာထုတ် တားမြစ်နေရုံနဲ့ ဒီစနစ်ဟာ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒါဟာ တကယ့်အဖြေ မဟုတ်ပါဘူး။
တကယ့်အဖြေက ဆရာ၊ ဆရာမတွေရဲ့ ဘဝကို ခေတ်ကာလ အခြေအနေအရ လူတန်းစေ့ နေနိုင်အောင် ဖန်တီးပေးခြင်းပါပဲ။ ဒီနေရာမှာတော့ ခေတ်အခြေအနေနဲ့ လူတန်းစေ့ နေနိုင်ခြင်းကို ဘာနဲ့တိုင်းမလဲလို့ စောဒကတက်စရာ ရှိပါတယ်။
ဆိုလိုတဲ့သဘောက ဆရာ၊ ဆရာမ တယောက်ဟာ တာဝန်ချိန်ကို လေးလေးစားစားနဲ့ တာဝန်ကျေအောင် ဆောင်ရွက်နေဖို့အတွက် ပညာရေးအလုပ်ကို ဇောက်ချလုပ်နိုင်ဖို့အတွက် သူ့ဘဝရဲ့ အခြားလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့်ငွေကို ဒီလုပ်ငန်းက ရနေဖို့ လိုအပ်ပါလိမ့်မယ်။
ဒီလိုရနေရင် သူဟာ ဒီအလုပ်ကို လေးစားလာပါလိမ့်မယ်။ ဒီနေရာမှာ NGO အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ NGO ဝန်ထမ်းတွေကို ပြန်ကြည့်မိပါတယ်။ NGO ဝန်ထမ်းတွေဟာ အလုပ်ကို လေးစားကြတယ်။ အချိန်ကို လေးစားကြတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာကြတာတွေဟာ အစိုးရဝန်ထမ်းတွေထက် သာပါတယ်။ ဒါဟာ ဘာကြောင့်လဲလို့ တွေးမိပါတယ်။
NGO အဖွဲ့အစည်းမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေဟာ သူတို့အလုပ်ချိန် ပျက်ကွက်မှာကို ကြောက်ကြတယ်။ မလိုအပ်ဘဲ ခွင့်ယူတာမျိုးတွေ မရှိဘူး။ လူနည်းစုကို စီမံခန့်ခွဲရတာကြောင့် လက်လုံနိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ပြောစရာရှိပါတယ်။ ဒါပေမယ့် ဒီအချက်ကလည်း အဓိကမကျပါဘူး။
အစိုးရဌာနဆိုင်ရာတွေမှာလည်း လူနည်းတဲ့ဌာနတွေ ရှိတာပါပဲ။ တချို့ဌာနတွေဆိုရင် တမြို့နယ်လုံးမှ ဝန်ထမ်းအင်အား ငါးယောက်လောက် ရှိတာပါ။ ဒါပေမယ့် အလုပ်ချိန်နဲ့ အလုပ်စည်းကမ်းအရာမှာ NGO ဝန်ထမ်းတွေလောက် လေးစားလိုက်နာမှု မရှိတာတွေ တွေ့နေရပါတယ်။
ဒီနေရာမှာ ကျနော့်အမြင်ကို ပြောရရင် NGO ဝန်ထမ်းတွေဟာ လစာကောင်းတယ်။ အစိုးရဝန်ထမ်းတွေရဲ့ လစာထက် သူတို့ရဲ့လစာဟာ မြင့်တယ်။ ဒီအလုပ်ကို ဇောက်ချလုပ်နေခြင်းအားဖြင့် သူတို့ဘဝရဲ့ နေ့စဉ်လိုအပ်ချက်တွေ ဖြေရှင်းရာမှာ အဆင်ပြေတယ်။ ဒါကြောင့် သူတို့အလုပ်ကို သူတို့ လေးလေးစားစား လုပ်ကြတယ်။ နောက်ပြီး သူတို့မှာ ဆုပေး ဒဏ်ပေးစနစ် ရှိတယ်။ တာဝန်ကျေတဲ့ ဝန်ထမ်းကို ချီးမြှင့်တာမျိုးတွေ ရှိတယ်။ ဒါတွေဟာ လူတယောက် အလုပ်ကို စိတ်ဝင်တစား လုပ်ဆောင်နိုင်လာမယ့် တွန်းအားတွေ ဖြစ်တယ်လို့ မြင်ပါတယ်။
နောက်ပြီး ဘယ် NGO ဝန်ထမ်းကမှ အပိုဝင်ငွေရှာတဲ့ အလုပ်မျိုး မလုပ်ကြဘူး။ အဖြေကတော့ လုပ်ဖို့လည်း မလိုအပ်တော့ပါဘူး။ သူတို့အလုပ်က သူတို့အတွက် အတိုင်းအတာ တခုအထိ ဖူလုံနေလို့ပါပဲ။ အစိုးရဝန်ထမ်းတွေအနေနဲ့ လစာနဲ့ အဆင်မပြေလို့ အပိုဝင်ငွေရှာကြရာက အဂတိလိုက်စားမှုတွေ ဖြစ်လာတယ်။ အလုပ်ချိန်မှာ တာဝန်လစ်ဟင်းမှုတွေ ဖြစ်လာကြပါတယ်။
ဒါဟာ တကယ်တော့ ကျနော်တို့နိုင်ငံရဲ့ စနစ်တွေကြောင့် ဖြစ်နေရတာတွေပါပဲ။ အစိုးရဝန်ထမ်း ဆရာ၊ ဆရာမတွေ အနေနဲ့လည်း ကိုယ့်အလုပ်ကိုယ် ဂုဏ်သိက္ခာရှိရှိ လုပ်ချင်ကြမှာပါပဲ။ ဒါပေမယ့် ရိုးရိုးသားသားနဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားကြတဲ့ ဝန်ထမ်းတွေဟာ အသက်ခြောက်ဆယ်ပြည့်ရင် မှီခိုဘဝ ရောက်သွားရခြင်းဟာ ကျနော်တို့တွေရဲ့ စာရိတ္တကို ပျက်စီးအောင် တွန်းအားပေးနေသလို ဖြစ်နေတယ်။
ကျူရှင်သင်တယ် ဆိုတာကလည်း ငွေနဲ့ပညာကို အလဲအလှယ်လုပ်တဲ့ သဘောပါပဲ။ ကျူရှင်ဆရာက အချိန်နဲ့ပညာကို ရင်းတယ်။ ကျူရှင်တက်တဲ့ကလေးက အချိန်နဲ့ငွေကို ရင်းတယ်။ အဲဒီမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေနေတဲ့အခါ အလုပ်ဖြစ်တယ်။ ကျူရှင်သင်တာတွေ မလုပ်ဖို့ ကျူရှင်စနစ်ကို ပပျောက်အောင်လုပ်ဖို့အတွက် အဓိက လုပ်ဆောင်ရမယ့် အချက်က ဆရာ၊ ဆရာမတွေရဲ့ဘဝကို ဖူလုံအောင်လုပ်ပေးဖို့ လိုတယ်လို့ မြင်ပါတယ်။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အငြိမ်းစားဆရာကြီးတဦး ပြောဖူးတာ မှတ်မိနေပါသေးတယ်။
‘ငါတို့ခေတ်တုန်းက ရွာမှာ လက်ဖက်ရည်သောက်နိုင်တာ ကျောင်းဆရာပဲ ရှိတယ်ကွ။’
အဲဒီဆရာကြီး ပြောခဲ့တဲ့ ငါတို့ခေတ်ဆိုတာ ဘယ်လိုခေတ်များလဲလို့ တွေးကြည့်ရင်း အဲဒီခေတ်က ဆရာတယောက်ရဲ့လစာဟာ တအိမ်လုံး ထိုင်စားလို့ရခဲ့တယ် ဆိုတဲ့အချက်က အခုခေတ်မှာ အိပ်မက်တခုလို ဖြစ်သွားခဲ့ပါပြီ။
ဒီနေ့ခေတ်လို အချိန်မှာတော့ ကျောင်းဖွင့်ရာသီရောက်တိုင်း ကျောင်းသားမိဘတွေဟာ ကျူရှင်ဆရာကောင်းကောင်းဆီ သူတို့ရဲ့ သားသမီးတွေ အပ်နှံဖို့ အလုပ်ရှုပ်နေကြတာကို ကျနော်တို့ ဘယ်သူ့ကို အပြစ်ပြောရမှာလဲ။
ပန်းသီကြိုး (ရသေ့တောင်)