မြွေသားခြောက် ဈေးကောင်းနေသော်လည်း မြွေရှားပါးလာ၍ မြွေဖမ်းသူများ ဝင်ငွေနည်းလာ
DVB
·
July 4, 2018
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ မြွေသားခြောက်ရောင်းသူတွေ ဈေးကောင်းရနေပေမယ့် လယ်ယာမြေမှာ တောင်သူလုပ်ရင်း တဖက်တလမ်းက ဝင်ငွေရအောင် မြွေဖမ်းကြသူတွေဟာ မြွေရှားပါးလာတာကြောင့် ဝင်ငွေနည်းလာနေပါတယ်။
ဝမ်းတွင်း ဒေသခံ ကိုကြီးညိုက “အရင်ကဆို ကိုယ့်လယ်ကွက်ထဲတင် မြွေတွေတွေ့တယ်။ အခုတော့ တတောလုံး လှည့်ရှာမှ ၂ ကောင်၊ ၃ ကောင်လောက် တွေ့တယ်။ ပူအိုက်ပြီး မိုးတပြိုက်လောက် ကျတာနဲ့ တွင်းအောင်းသတ္တဝါဖြစ်တဲ့ မြွေတွေ ထွက်လာတတ်တယ်။ အခုတော့ မြွေပေါက်ကလေးတွေပဲ ထွက်တယ်။ ဈေးဖိုးလောက်ကတော့ ညဦးပိုင်းလောက် မြွေရှာပြီး ရောင်းလိုက်ရင်ရတယ်။ အခုတော့ ညလုံးပေါက် ရှာတာတောင် ဈေးဖိုးမရဘူး။”
ဈေးကွက်ထဲမှာ မြွေသားအခြောက် တပိဿာကို ကျပ် ၃ သောင်း၊ ၄ သောင်း ဈေးရှိနေပြီး တရုတ်နိုင်ငံဘက်ကနေ လာဝယ်တာတွေလည်းရှိနေပါတယ်။
မြွေဖမ်းသူ တဦးက “လင်းမြွေ၊ မြွေပွး၊ မြွေဟောက် အဲဒီ ၃ မျိုးပဲ အရောင်းဈေးကွက် ရှိပါတယ်။ မြွေအမျိုးအစားပေါ် မူတည်ပြီး မြွေအရှင် တပိဿာကို ၅၀၀၀ ကနေ ၈၀၀၀ အတွင်း ဝယ်ပါတယ်။ မြွေသားအခြောက်အနေနဲ့ဆို တပိဿာကို ၃ သောင်း၊ ၄ သောင်း ဈေးရှိနေပါတယ်။ ရေမြှုပ်ဖော့ပေါ်မှာ မြွေအသားကို သွာကြားထိုးတံနဲ့ ထိုးပြီး အခြောက်လှန်းရပါတယ်။ အစို ၃ ပိဿာ လှန်းမှ အခြောက် ၁ ပိဿာ ရပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မြွေတွေကို ဖမ်းဆီးရောင်းဝယ်တာ၊ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်တာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေနဲ့ ပတ်သက်ပြီး ခေတ်နဲ့အညီ ဥပဒေရေးဆွဲ ပြဋ္ဌာန်းနိုင်အောင် ကြိုးပမ်းနေတယ်လို့ သစ်တောဦးစီးမှူး ဦးသော်မွန်းကိုကပြောပါတယ်။
“ခေတ်ကာလနဲ့ ကိုက်ညီအောင် လွှတ်တော်မှာ ပြင်ဆင်နေပါတယ်။ ပြစ်မှုကျူးလွန်သူကို ထိထိမိမိ ပြစ်ဒဏ်ချပြီး နောင် မကျူးလွန်ရဲအောင် ပြင်ဆင်ရေးဆွဲနေတာပါ။ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်တာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေက တောရိုင်းတိရစ္ဆာန် မျိုးတုံး ပျောက်ကွယ်ပြီး သဘာဝဂေဟစနစ် ထိခိုက်တာကြောင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး ဥပဒေအရ ဖမ်းဆီးတရားစွဲနေရတယ်”
တောရိုင်းတိရစ္ဆာန်တွေ မျိုးတုံးပျောက်ကွယ်မှာကို ကာကွယ်ဖို့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး ဥပဒေကို ၁၉၉၂ ခုနှစ်မှာ ပြင်ဆင်ပြီး ပြဋ္ဌာန်းထားခဲ့ပါတယ်။
မောင်မောင်လင်း(ဝမ်းတွင်း)