မူးယစ်အထူးသတင်းတိုင်ကြားရေးဌာနကို တိုင်ကြားချက်များ နေ့စဉ်လက်ခံရရှိနေ
ပိုင်စိုး
·
July 3, 2018
နိုင်ငံတော် သမ္မတရုံးမှာ ဖွင့်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နေ့စဉ်တိုင်ကြားတာတွေရှိတယ်လို့ သတင်းလက်ခံတဲ့ဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီဌာနကို ဇွန်လ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် သတင်းတပတ်လောက်ကြာချိန်မှာ တိုင်ကြားစာလက်ခံရရှိမှုအခြေအနေကို မေးမြန်းကြည့်ရာမှာ ဖုန်းလက်ခံတဲ့ ဝန်ထမ်းက “နေ့တိုင်းတော့ ရောက်ပါတယ်ခင်ဗျ။ ဒီလောက်ပဲ ပြောလို့ရတယ်ခင်ဗျ။ ဒီထက်ပိုပြီး ပြောလို့ မရပါဘူးခင်ဗျ။ ကျနော်တို့ကို ဒါလေးပဲ တာဝန်ပေးထားလို့ပါ” လို့ ပြောပါတယ်။
တိုင်ကြားမှုနဲ့ ပတ်သက်ပြီး အရေအတွက် အတိအကျသိရဖို့နဲ့ တိုင်ကြားချက်တွေအပေါ် အရေးယူဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူကို ဆက်လက်မေးမြန်းဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။
ဒီဌာနကို အီးမေးလ်နဲ့ ဆက်သွယ် တိုင်ကြားခဲ့သူတယောက်ကတော့ “အဲလို သတင်းထုတ်ပြီး သိပ်မကြာခင်မှာပဲ မေးလ်ပို့ခဲ့တယ်။ တိုင်းအဆင့် ရောင်းချဖြန့်ဖြူးနေသူလို့ ပြောလို့ရမယ့်သူရဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ ပို့ပေးခဲ့တယ်။ ဒါပေမယ့် တိုင်ကြားသူဘက်ကို စာပြန်တာလည်း မရှိဘူး။ တိုင်ခံရသူကလည်း ဆက်ရောင်းနေတုန်းပဲ။ အခုထိတော့ ဘာမှ မထူးသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနဖွင့်လှစ်မယ်လို့ သမ္မတဦးဝင်းမြင့်က ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မှာ စတင်ကြေညာခဲ့တာပါ။
တိုင်ကြားသူတွေရဲ့ လုံခြုံရေး၊ သတင်းအချက်အလက် မပေါက်ကြားရေးအတွက် လုံခြုံမှု အဆင့်အတန်း သတ်မှတ်ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်း တရပ်ကိုလည်း ချမှတ်ပေးထားပြီး ဖြစ်တဲ့အပြင် တိုင်ကြားသူကိုလည်း ထိုက်ထိုက်တန်တန်ဆုပေးမယ်လို့ သမ္မတက ပြောကြားထား တာပါ။
ဒီဌာနကို ဆက်သွယ် တိုင်ကြားနိုင်မယ့် ကြိုးလိုင်းဖုန်းနံပါတ်တခု၊ ဖက်စ်နံပါတ်တခုနဲ့ အီးမေးလ်လိပ်စာ တခုတို့ကိုလည်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
ဒီလိုတိုင်ကြားတာနဲ့ ပတ်သက်ပြီး ကွင်းဆက်အားလုံး မပျောက်ပျက်အောင် အဆုံးအထိ စုံစမ်းဖော်ထုတ်နိုင်ဖို့နဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကို စေလွှတ်သွားမယ်လို့ သမ္မတက ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ရက်ကနေ ဇွန် ၁၉ ရက်အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ အမှုပေါင်း ၂၂၄၁ မှု ရှိပြီး မူးယစ်တရားခံ စုစုပေါင်း ၃၁၇၅ ဦးကို အရေးယူပြီး ဖြစ်တယ်လို့ သမ္မတရဲ့ မိန့်ခွန်းအရ သိရပါတယ်။
ဓာတ်ပုံ- YGN POLICE