၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပါတီများအနိုင်ရရေး မွန်လူထုတာဝန်ကျေရန် တိုက်တွန်း
DVB
·
July 3, 2018
လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျရင် မွန်ပြည်နယ်မှာ မွန်ပါတီတွေသာ အနိုင်ရရှိရေးအတွက် မွန်ပါတီတွေပေါင်းစည်းပြီး ပါတီသစ်တခု တည်ထောင်ပြီးရင် မွန်လူထု တာဝန်ကျေဖို့သာ လိုအပ်တယ်လို့ မွန်ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
လက်ရှိမှာ မွန်ပြည်သူလူထုအားလုံးကို ကိုယ်စားပြုနိုင်တဲ့ မွန်တပါတီတည်းဖြစ်ရေး ပါတီသစ်ကိုတည်ထောင်ဖို့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီးနောက် ဘုံသဘောတူညီချက် ၅ ချက်ရရှိခဲ့ပါတယ်။
ပါတီ နာမည်သစ်အတွက်ကတော့ ပြည်သူလူထုဆီက သဘောထားဆန္ဒတွေ တောင်းခံထားတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အတွင်းရေးမှူး နိုင်စံတင်က ပြောပါတယ်။
ပါတီပေါင်းစည်းရေးမှာ ကန့်ကွက်သူတွေ၊ အပုပ်ချသူတွေ ရှိနေမှာဖြစ်ပြီး သူတို့အနေနဲ့ ဒါတွေကို သတိပြုနေမှာ မဟုတ်ဘဲ အများစုလက်ခံနိုင်ဖို့ကိုပဲ ဆုံးဖြတ်သွားမှာဖြစ်ပြီး ပါတီသစ် မှတ်ပုံတင်နိုင်ရေးနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နိုင်ရေးအတွက် အောက်ခြေအထိ ပြန်လည်စိစစ်ဖို့ ရှိသေးတယ်လို့ပြောပါတယ်။
မွန်ပြည်သူလူထုအနေနဲ့ ပါတီနာမည်သစ်ကို သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးပေးပို့ ကြဖို့လည်း ပန်ကြားထားပါတယ်။
လက်ရှိမွန်ပြည်နယ်မှာ မွန်ပါတီတွေအနေနဲ့ မွန်အမျိုးသားပါတီ၊ မွန်အမျိုးသမီးပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စတဲ့မွန်ပါတီတွေ ရှိနေပြီး မွန်ပါတီတွေ ပေါင်းစည်းရေးမှာ မွန်ပြည်သစ်ပါတီကလည်း လေ့လာသူအဖြစ် လာရောက်လေ့လာနေပါတယ်။
သတင်း - အာကာမင်း