“ကျနော်တို့ဗိုက်ဆာတယ်”၊ “အမြန်ပြန်လာခဲ့နော်” (ရုပ်သံ)

လိုဏ်ဂူထဲက ကလေးတွေနဲ့ ရေငုပ်ကယ်ဆယ်သူ တွေ့တွေ့ချင်း ဘာပြောကြသလဲ ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ခွန်နမ့်နန်းနွန်း လိုဏ်ဂူကြီးထဲ ၉ ရက်ကျော် ပိတ်မိနေခဲ့တဲ့ လူငယ်ဘောလုံးသမား ၁၃ ဦးကို ကယ်ဆယ်ရေးအင်အား တထောင်ကျော်နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ညကစပြီး နေ့ရောညပါ မရပ်မနား ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရာမှာ ဇူလိုင် ၂ ရက် ည ၁၀ နာရီလောက်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ လူငယ်တွေဟာ လိုဏ်ဂူကြီးအဝင်ပေါက်နဲ့ ၃ ကီလိုမီတာလောက်အကွာ ပတ္တယားကမ်းခြေလို့ တင်စားတဲ့ ကမူပေါ်မှာ တွေ့ရှိမယ်လို့ နဂိုက တွက်ဆထားကြပြီး ရေငုပ်သမားတွေက အဲဒီနေရာကို ရောက်သွားပေမယ့် မတွေ့တာကြောင့် ရှေ့ကိုဆက်သွားရာ နောက်ထပ် မီတာ ၄၀၀ ခန့်အကွာရှိ နွန်းဆောင်လို့ခေါ်တဲ့ ကမူမှာမှ သွားတွေ့ခဲ့တာပါ။ လူငယ် ၁၃ ဦးကို စတင်တွေ့ရှိသူတွေကတော့ ဗြိတိန်နိုင်ငံက ကျွမ်းကျင် ရေငုပ်သမား ၂  ဦးဖြစ်တဲ့ ဂျွန်ဗိုလန်သန် (John Volanthen) နဲ့ ရစ်ချတ်ဒ် စတန်တွန် (Richard Stanton) တို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ကလေးတွေကို စတွေ့တဲ့အခါ ဓာတ်မီးနဲ့ထိုးပြီး "မင်းတို့အားလုံး ဘယ်နှစ်ယောက်လဲ" လို့ မေးပါတယ်။ ကလေးတွေက လက်မြှောက်ပြီး ၁၃ ယောက်လို့ ပြန်ဖြေခဲ့ပါတယ်။ ဗြိတိန် ရေငုပ်သမားက ကလေးတွေကို "အရမ်းတော်တယ်။ ငါတို့ အရင်ရောက်လာတာ၊ မင်းတို့ကို ကယ်ထုတ်ဖို့ နောက်မှာ လူတွေအများကြီးလာကြမယ်" လို့ ပြောပါတယ်။ အဲဒီနောက် ကလေးတဦးက ကျေးဇူးလို့ အင်္ဂလိပ်လို ပြောပါတယ်။ ကလေးတွေကြားထဲမှာ ငိုသံသဲ့သဲ့လည်း ကြားရပါတယ်။ ကလေးတယောက်က - "ဟေ့ မေးကြည့်ပါဦး၊ အပြင်မှာ ငါတို့အိတ်တွေ ရှိနေလားလို့၊ ပြီးတော့ အပြင်ထွက်မယ်၊ ဗိုက်ဆာတယ်" လို့ အင်္ဂလိပ်လို မတောက်တခေါက် ပြောကြပါတယ်။ ရေငုပ်သမား - "ဒီနေ့ထွက်လို့မရသေးဘူး၊ ရေငုပ်ရမယ်၊ ငါတို့ ၂ ယောက်ပဲလာတာ၊ တို့က ပထမအသုတ်၊ အနောက်မှာ လူတွေအများကြီး လိုက်လာမယ်" ကလေးတွေက ဒီနေ့ ဘာနေ့လဲလို့ ရေငုပ်သမားတွေကို မေးခဲ့ပါသေးတယ်။ အဲဒီနောက် ကလေးတွေ အချင်းချင်း "သူတို့က ဘယ်နေ့မှ ထွက်ရမယ်လို့ပြောလဲ" လို့ အပြန်အလှန် မေးမြန်း ပြောဆိုကြပါတယ်။ ဗြိတိန်ရေငုပ်သမား - "'ဒီနေ့က တနင်္လာနေ့၊ အိုခေ တပတ်၊ တနင်္လာနေ့ပါ။ မင်းတို့ ဒီကိုရောက်နေတာ ၁၀ ရက်ရှိပြီ၊ မင်းတို့ အရမ်းကြံ့ခိုင်ကြတာပဲ၊ အရမ်းသန်မာတယ်" ကလေးချင်းချင်းပြော - "ဟေ့ ဘယ်သူ အင်္ဂလိပ်လိုတတ်လဲ၊ ဘာသာပြန်ပါအုံး" နောက်တယောက် - "ကျနော်တို့ အကယ်ဒမီကလို့ပြော" နောက်တသံ - "နားထောင်လို့ လိုက်မမီဘူး" ဗြိတိန် - "အိုကေ ဒီနားစောင့်နေနော်၊ ငါတို့ပြန်မယ်" ကလေး - "ကျနော်တို့ဗိုက်ဆာတယ်" (အင်္ဂလိပ်လိုပြော) ဗြိတိန် - "သိတယ် သိတယ်၊ ငါနားလည်တယ်၊ ပြန်လာခဲ့မှာ" ကလေးများ - "သူတို့ ဓာတ်ပုံရိုက်မယ်တဲ့" (ပြောရင်းက ဓာတ်ပုံအရိုက်ခံရန် ပြင်ဆင်ကြ) ကလေးတယောက် - "ဟေ့ သူတို့ကိုပြောလိုက်လေ ဗိုက်ဆာတယ်လို့၊ ဆာတယ်ကွာ" နောက်ကလေးတယောက် - "၂ ခါတောင်ပြောပြီးပြီ၊ သူသိတယ်လို့ပြောတယ်" ကလေးများ - "ကျနော်တို့ဆီ ဘယ်တော့ပြန်လာမလဲ" ဗြိတိန် - "အခု ငါတို့ ရေငုပ်ပြီးလာရတာ၊ မနက်ဖြန် ကယ်ဆယ်ရေးအဖွဲ့တွေလာမယ်၊ ဆရာဝန်တွေလာမယ်၊ အစားအစာတွေ ပါလာမယ်၊ မင်းတို့ ဓာတ်မီးရှိလား၊ လက်နှိပ်ဓာတ်မီးပေးမယ် မင်းတို့ကို၊ ပြီးပြီ သွားရအောင်" ကလေးများ - "အစ်ကို အမြန်ပြန်လာခဲ့နော်" ပြောနေရင်း ကလေးတယောက် ရေထဲချော်ကျသံထွက်လာ၊ ပြီးတော့ တက်လာခဲ့၊ တက်လာခဲ့လို့ပြော။ ဗြိတိန် - "မင်းတို့ကိုကြည့်ရတာ ပျော်စရာကြီး" ကလေးများ - "တအားဗိုက်ဆာတယ်" ဗြိတိန် - "ငါတို့လည်းဆာတာပဲ" ကလေးများ - "မင်းတို့ဘယ်ကလာသလဲ" (အင်္ဂလိပ်လိုမေး) ဗြိတိန် - "အင်္ဂလန်က" ကလေးများ - "ဟိုး (အံ့သြသံ တပြိုင်နက်ထွက်လာ) အဲဒီလို ရေငုပ်သမားတွေနဲ့ ကလေးတွေ ရင်းရင်းနှီးနှီး ပြောဆိုခဲ့ကြပါတယ်။ ရေငုပ်သမားတွေ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ထိုင်းတော်ဝင်ရေတပ် Thai Navy SEAL က ညတွင်းချင်းပဲ လူမှုကွန်ရက်မှာ ဖြန့်ဝေလိုက်ပြီး ကလေးတွေဟာ ထင်ထားသလို အားပျော့၊ မေ့မျော၊ ယိုင်နဲ့နေတာမဟုတ်ဘဲ သွက်သွက်လက်လက်နဲ့ အင်္ဂလိပ်စကားကို သူတို့တတ်သလေက် ကြိုးစားပြောနေတာတွေ့ရလို့ မြင်ရသူတိုင်း ဝမ်းသာအယ်လဲ ဖြစ်နေကြပါတယ်။ သူတို့တွေ ဂူထဲမဝင်ခင် ကလေးတယောက်က သူ့မွေးနေ့ဖြစ်တဲ့အတွက် ဂူထဲမှာ သူငယ်ချင်းတွေကိုကျွေးဖို့ မုန့်တွေ အများကြီးဝယ်ခဲ့ကြောင်း၊ ဂူထဲမှာ ပိတ်မိနေစဉ် ရေဆာရင် ဂူနံရံကကျလာတဲ့ ကျောက်စက်ရေကို ခံသောက်ပြီး အားအင်တွေ ကုန်မှာစိုးလို့ နည်းပြဆရာ ညွှန်ကြားတဲ့အတိုင်း ငြိမ်ငြိမ်လေးပဲ နေခဲ့ကြတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ လောလောဆယ် ကလေးတွေကို ဂူထဲမှာ ပြုစုစောင့်ရှောက်ပြီး ရေတွေကျသွားမှ အပြင်ခေါ်ထုတ်မှာဖြစ်သလို ရေကူး၊ ရေငုပ်နည်းတွေလည်း သင်ပေးမယ်လို့ ဆိုပါတယ်။ ကလေးတွေကို စတင်တွေ့ရှိခဲ့တဲ့ ဗြိတိန်ရေငုပ်သမားတွေဟာ South and Mid Wales Cave Rescue Team အဖွဲ့အစည်းကဖြစ်ပြီး ဂူထဲပိတ်မိနေတဲ့ လူပေါင်းများစွာကို ကယ်ဆယ်ဖူးတဲ့ အတွေ့အကြုံရှိကြောင်း၊ သူတို့ ကူညီကယ်ဆယ်ခဲ့တဲ့ လူတိုင်းကို အသက်ရှင်လျက် ပြန်တွေ့တာကြောင့် ကမ္ဘာမှာ အတော်ဆုံး ရေငုပ်ကယ်ဆယ်ရေးသမားအဖြစ် အသိအမှတ်ပြုခံရကြောင်း၊ သူတို့အဖွဲ့ဝင်ထဲက ၃ ဦးဟာ ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ရောက်ရှိလာပြီး ကလေးတွေကယ်ဆယ်ဖို့ တမင်သက်သက် ရောက်လာခဲ့တာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံ - Thai Navy SEAL

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up