
Lead Story သတင်း အနုပညာ နိုင်ငံတကာ ရုပ်သံ
ဟောလိဝုဒ် လျှို့ဝှက်သည်းဖို အက်ရှင်ပရိသတ်အကြိုက် Sicario: Day Of the Soldado ရုပ်ရှင် (နမူနာ)
Email This Story :
ဟောလိဝုဒ် လျှို့ဝှက်သည်းဖို အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Sicario: Day Of the Soldado ရုပ်ရှင်ကားကို လက်ရှိ ရုံတင်ပြသနေပါတယ်။
ဒီကားကိုတော့ အမေရိကန် ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင်၊ ဒါရိုက်တာတဦးဖြစ်တဲ့ Taylor Sheridan ရဲ့ ဇာတ်လမ်းကို အီတလီဒါရိုက်တာ Stefano Sollima က ရိုက်ကူးထားတာ ဖြစ်ပါတယ်။
မက္ကဆီကိုနိုင်ငံ မူးယစ်ဆေးဝါးဂိုဏ်းတွေကနေ အကြမ်းဖက်သမားတွေကို အမေရိကန်နိုင်ငံ နယ်စပ်ထဲထိ ခိုးသွင်းတာတွေ လုပ်လာကြတဲ့အတွက် စီအိုင်အေ အေးဂျင့်တယောက်ဖြစ်တဲ့ Matt Graver ဟာ Alejandro ရဲ့ အကူအညီကို ယူခဲ့ပါတယ်။
ဒါပေမယ့် Alejandro ဟာ ဘိန်းရာဇာတယောက်ရဲ့ သမီးကို ပြန်ပေးဆွဲပြီး အခြေအနေတွေ ပိုတင်းမာလာအောင် လုပ်လိုက်တဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာပါ။
အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ စီအိုင်အေ အေးဂျင့် Matt Graver နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား Josh Brolin၊ Alejandro နေရာမှာတော့ ပွာတိုရီကန်မင်းသား Benicio del Toro တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြား သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။
ဒီကားဟာ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sicario ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ တိုက်ခိုက်မှုတွေနဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်နေတာမို့ Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၂၂ မိနစ်ရှိပြီး အင်္ဂလိပ်နဲ့ စပိန်ဘာသာစကားတွေ အသုံးပြုထားတဲ့ ဒီရုပ်ရှင်ကားဟာ Box Office မှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄ သန်းထိ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။