အသစ်ပြန်ဆောက်ထားသည့်တံတား ပြိုကျမှာ ညောင်လေးပင်ဒေသခံများ စိုးရိမ်
DVB
·
July 2, 2018
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ဇလုပ်ကုန်းရွာနဲ့ ခွက်မရွာကြားရှိ ငါးခုံးမချောင်းကို ဆက်သွယ်ထားတဲ့တံတား ရေတိုက်စား ပြိုကျသွားခဲ့တာကို အသစ်ပြန်ဆောက်တဲ့နေရာမှာ အရည်သွေးမပြည့်မှီလို့ ထပ်ပြိုကျမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
၂ဝ၁၈ မတ်လက စတင်ကာ ဘတ်ဂျက်ငွေ ကျပ်သိန်း ၁၉ဝနဲ့ အကျယ် ၁၅ ပေ အရှည် ၆ဝ ပေ အာစီ ကွန်ကရစ်သံဘောင်တံတားကို ပြန်လည်ပြုပြင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အရင်ကတံတားကို အကန့်နှစ်ကန့်ခွဲပြီး ဒေါက်တိုင်နှစ်တိုင်နဲ့ တည်ဆောက်ထားခဲ့တာ ဖြစ်ပေမယ့် ပြန်လည်ပြုပြင်တည်ဆောက်တဲ့အခါ ပေ ၆ဝ အရှည်ကို ပေ ၂ဝ အကျယ်မှာ ဒေါက်တိုင်တခုပဲထောက်ပြီး တည်ဆောက်ထားတဲ့အတွက် ဒေသခံတွေအနေနဲ့ ထပ်မံပြိုကျလာမှာ စိုးရိမ်နေကြတာပါ။
ဇလုပ်ကုန်းရွာနေ ဦးသန်းစိုးက “အရင်က ပြိုကျလို့ အခုပြန်လာဆောက်ကြတယ်။ အဲ့လိုဆောက်တဲ့နေရာမှာ ပီပီပြင်ပြင်မဆောက်သွားဘူး။ အခုဆိုရင်မြင်တဲ့အတိုင်းပဲ တံတား အရှည်ခြောက်ဆယ်ရှိတယ်။ ပေ ၂ဝ လောက်မှာ ဒေါက်တိုင်လေးတခုပဲ စိုက်ထားတယ်။ တံတားကအပေါ်က လူသွားရင်တောင်ညွှတ်ချင်တယ်။ ယာဉ်တွေဆို ဖြတ်ရဲမှာ မဟုတ်ဘူး။ တံတားမြောက်ဘက်မှာဆိုရင် သွားလို့ ဖြစ်ယုံလေးပဲ။ မြေကြီးတွေဟာ ရေတိုက်စားပြီး တံတားချည်းကပ်လမ်းဟာ ကုန်သလောက်ဖြစ်နေပြီ”လို့ ပြောပါတယ်။
လမ်းတံတားကိစ္စတွေကို ကျေးလက်လမ်းဦးစီးကို လွှဲလိုက်တာဖြစ်ပြီး ဘတ်ဂျက်က ကျေးလက်လမ်းဦးစီးအနေနဲ့ ကျခံကာ ဆောက်မယ့်ဒီဇိုင်းကို ကျေးလက်လမ်းဦးစီးက အထက်ကို တင်ပြအတည်ပြုချက်ယူပြီးမှ ပြန်လည်ဆောက်လုပ်ထားတာဖြစ်တယ်လို့ ညောင်လေးပင် မြို့နယ် ကျေးလက်ဦးစီးမှူး ဦးသန့်ဇင်မျိုးက ပြောပါတယ်။
ညောင်လေးပင်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးသန့်ဇင်မျိုးက “ဗိုးပိုင်စနစ်နဲ့ သွားထားတယ်။ ဗိုးပိုင်အားလုံး ၇ လုံး ရိုက်တယ်။ အောက်ကိုမြေမကျွံနိုင်တဲ့အထိ ပေ ၃ဝ လောက် သံချည်သံကွေးနဲ့ ကွန်ကရစ်လောင်းပြီး ဗိုးပိုင်ထည့်တယ်။ နောက်တခါ မပြိုရအောင် ရေလမ်းကြောင်းလွှဲပေးထားတယ်။ တံတားက ပြီးသွားပါပြီ အပ်ဖို့ပဲကျန်ပါတော့တယ်” လို့ ဆိုပါတယ်။
အဲဒီတံတားဟာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ လယ်လောက်က စတင်ဆောက်လုပ်ခဲ့ပြီး အရှည်ပေ ၅ဝ အကျယ် ၁၄ ပေရှိ အာစီ ကွန်ကရစ်သံဘောင်တံတားဖြစ်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေ ကျပ်သိန်း ၄ဝဝ ကုန်ကျခဲ့တည်ဆောက်ခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လလောက်မှာ တံတားတည်းဆောက်ပြီးဆုံးကာ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရေတိုက်စားမှုကြောင့် ပြိုကျသွားခဲ့လို့ ပြန်လည်ပြုပြင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်