Home
ဆောင်းပါး
လိင်ဆက်ဆံပြီးနောက်သွေးထွက်တာက သဘာဝပဲလား
DVB
·
July 1, 2018
ပုံမှန် ဓမ္မတာလာနေတဲ့ အမျိုးသမီး ဝ.၇ မှ ၉ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ လိင်ဆက်ဆံပြီးရင် သွေးထွက်တတ်ကြပြီး အဓိကအားဖြင့် သားအိမ်ခေါင်းမှ သွေးထွက်တာ ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အမျိုးသမီးတစ်ယောက်က ဓမ္မတာ လာနေဆဲဖြစ်သလားဆိုတဲ့ အပေါ်လည်း မူတည်ပါသေးတယ်။ တကယ်လို့ လိင်ဆက်ဆံပြီး အမျိုးသမီး မွေးလမ်းကြောင်းမှ သွေးထွက်ခြင်းက ဓမ္မတာလာခြင်းနဲ့ ပတ်သတ်နေမယ်ဆိုရင် ဒီလို သွေးထွက်ခြင်းကို လိင်ဆက်ဆံပြီး သွေးထွက်ခြင်းလို့ မသတ်မှတ်ပါဘူး။ လိင်မှု ကိစ္စ လုပ်တဲ့ ဘယ်သူမဆို လိင်ဆက်ဆံပြီး သွေးထွက်နိုင်ပါတယ်။ သွေးထွက်ရခြင်း အကြောင်းရင်းများ။ လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်းရဲ့ အကြောင်းရင်းများကတော့- ဒဏ်ရာ။ လိင်ဆက်ဆံချိန်မှာ ပွတ်တိုက်ခြင်းကြောင့် အထိအခိုက်လွယ်တဲ့ လိင်အင်္ဂါ တစ်ရှုးတွေကို ပွန်းပဲ့ဒဏ်ရာများ ဖြစ်စေနိုင်ပါတယ်။ ကလေးမွေးဖွားတဲ့အခါမှာလည်း မွေးလမ်းကြောင်းတွေ ပိုချဲ့ကားရပြီး ဒဏ်ရာများကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ပထမဆုံးလိင်ဆက်ဆံချိန်မှာလည်း ကညာမြှေး လို့ခေါ်တဲ့ မွေးလမ်းကြောင်းဆိုင်ရာ အရေပြားက ပေါက်ပြဲသွားနိုင်တဲ့အတွက် သွေးထွက်နိုင်ပါတယ်။ ဒီလို သွေးထွက်ခြင်းက ၁ ရက်ကနေ ၂ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း။ လိင်ဆက်ဆံပြီး သွေးထွက်တဲ့ ဖြစ်စဉ်တွေထဲမှာ မွေးလမ်းကြောင်း ခြောက်သွေ့လို့ သွေးထွက်တဲ့ ဖြစ်စဉ်က အဖြစ်များပါတယ်။ အရေပြားက ခြောက်သွေ့တဲ့ အခါမှာ အရေပြား အလွယ်တကူ ထိခိုက်နိုင်ပါတယ်။ မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများကတော့ သွေးဆုံးခြင်းကြောင့် ဖြစ်တဲ့ ရောဂါ လက္ခဏာများ genitourinary syndrome of menopause (GSM)။ ဒီလို သွေးဆုံးတဲ့ အခါမှာ မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်းတို့ ဖြစ်စေနိုင်ပြီး ချောဆီ ထွက်ရှိမှု နည်းပါးခြင်း၊ လိင်ဆက်ဆံချိန်နဲ့ ဆီးသွားတဲ့ အခါမှာ နာကျင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ GSM ဖြစ်ပွားတဲ့ အခါမှာ မွေးလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေရဲ့ ကျုံ့ချဲ့နိုင်စွမ်းအားနည်းသွားပြီး ချောဆီထွက်ရှိမှုလည်း နည်းပါးသွားနိုင်ပါတယ်။  မျိုးဥအိမ် ထိခိုက်ခြင်းနဲ့ ခွဲထုတ်ထားရခြင်း။ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အီစရိုဂျင်ရင်းမြစ် ဖြစ်တဲ့ မျိုးဥအိမ် ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲထုတ်ထားတဲ့ အခါမှာ မွေးလမ်းကြောင်း ခြောက်သွေ့နိုင်ပါတယ်။  ကလေးမွေးဖွားခြင်းနဲ့ နို့ချိုတိုက်ကျွေးနေတဲ့ အချိန်တွေ။ ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်မှာ အီစရိုဂျင် ပမာဏက အရမ်းမြင့်မားနေပေမဲ့ ကလေးမွေးဖွားပြီးတဲ့ အချိန်မှာတော့ ချက်ခြင်းပြန်ကျသွားပါတယ်။ ဘာကြောင့်လည်းဆိုတော့ အီစရိုဂျင်တွေဟာ နို့ချို့ထုတ်လုပ်တဲ့ လုပ်ငန်းကို နှောင့်ယှက်နိုင်လို့ပါ။ အဲ့ဒီအချိန်မျာလည်း မွေးလမ်းကြောင်း ခြောက်သွေ့နိုင်ပါတယ်။ အီစရိုဂျင် ထုတ်လုပ်ခြင်းကို နှောင့်ယှက်တဲ့ ဆေးဝါးတွေနဲ့ ရေဓာတ်ခမ်းခြောက်ခြင်း။ အီစရိုဂျင် ဆန့်ကျင်တဲ့ ဆေးဝါးများ၊ တုတ်ကွေးပျောက်ဆေးများ၊ Steroids ဟော်မုန်းဆေးများ၊ စိတ်ငြိမ်ဆေးများနဲ့ နှလုံးခုန်နှုန်း နှေးစေတဲ့ ဆေးဝါးများ သောက်သုံးတဲ့ အခါမှာ မွေးလမ်းကြောင်း ခြောက်သွေ့စေနိုင်ပါတယ်။ ဓာတုပစ္စည်းများ။ ရေနွေးချိုးကန်တွေ၊ ရေကူးကန်တွေထဲက ဓာတု ပစ္စည်းတွေ၊ အစွန်းချွတ်ဆေးတွေ၊ အနံ့ပါတဲ့ ချောဆီတွေနဲ့ ကွန်ဒုံးတို့က မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ မွေးလမ်းကြောင်း သန့်စင်ဆေးရည်တွေ။ မွေးလမ်းကြောင်း သန့်စင်ဆေးရည်တွေသုံးစွဲခြင်းက မွေးလမ်းကြောင်း တစ်ရှုးတွေကို ခြောက်သွေ့၊ ယားယံစေနိုင်ပါတယ်။ လိင်စိတ်နှိုးဆော်ခြင်း အဆင့်ကို ကျော်ပြီး လိင်ဆက်ဆံခြင်း လိင်စိတ်နှိုးဆော်တဲ့ အခါမှာ မွေးလမ်းကြောင်း တစ်ရှုးတွေက သဘာဝချောဆီတွေကို စစ်ထုတ်ပေးပြီး ဒီချောဆီတွေက မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းနဲ့ လိင်ဆက်ဆံချိန် ပွတ်တိုက်ခြင်းကြောင့် ဒဏ်ရာရာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလို လိင်စိတ်မနှိုးဆော်ဘဲ လိင်ဆက်ဆံတဲ့ အခါမှာ မွေးလမ်းကြောင်းက ခြောက်သွေ့ပြီး ယားယံစေနိုင်ပါတယ်။ ကူးစက်ရောဂါများ။ ဘယ်လို ကူးစက်ရောဂါမျိုးမဆို မွေးလမ်းကြောင်း တစ်ရှုးတွေကို ရောင်ရမ်းလာစေနိုင်ပြီး ထိခိုက်ဒဏ်ရာလာစေနိုင်ပါတယ်။ များသောအားဖြင့် ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကတော့ မှိုကူးစက်ရောဂါ၊ အမျိုးသမီးလိင်အင်္ဂါလမ်းကြောင်း ရောင်ရမ်းခြင်းရောဂါ pelvic inflammatory disease(PID)၊ သားအိမ်ခေါင်း ရောင်ရမ်းခြင်း၊ မွေးလမ်းကြောင်းရောင်ရမ်းခြင်းနဲ့ STD တွေ ဖြစ်တဲ့ chlamydia နဲ့ ဆီးပူညောင်းကျ ရောဂါတွေ ဖြစ်ပါတယ်။ သားအိမ်အမြှေးပါးများတွင် မူမမှန်တဲ့ အကျိတ်များ ဖြစ်ပေါ်ခြင်း။ သားအိမ် အမြှေးပါးများမှာ တစ်ခါတစ်ရံ အကျိတ်များ ဖြစ်ပေါ်တတ်ပါတယ်။ သွေးမဆုံးသေးတဲ့ အမြှေးပါးများက ဒီအကျိတ်တွေကို ဓမ္မတာလာတဲ့ အချိန်မှာ စွန့်ပစ်နိုင်ပါတယ်။ ဒီအကျိတ်များဟာ ဓမ္မတာ လာပြီးတဲ့အချိန်မှာ ပြန်လည်ကြီးထွားလာနိုင်ပါတယ်။ ဒီအမြှေးပါး အကျိတ်များဟာ သားအိမ်ခေါင်း အနားသား (သို့) သားအိမ် အမြှေးပါးတွေမှာ ကြီးထွားလာနိုင်ပါတယ်။ ဒီအကျိတ်တွေဟာ ကင်ဆာ အကျိတ်တွေ မဟုတ်ကြပါဘူး။ သားအိမ်ခေါင်းအတွင်းမှ ဆဲလ်များ သားအိမ်ခေါင်း အပြင်သို့ ကြီးထွားလာခြင်း။ (Cervical ectropion) သားအိမ်ခေါင်း အတွင်းမှ တိုင်ပုံသဏ္ဍာန်ဆဲလ်များ သားအိမ်အပြင်ဘက်သို့ ကြီးထွားလာခြင်းကို Cervical ectropion လို့ခေါ်ပြီး ပုံမှန်အားဖြင့် စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ ဒီဆဲလ်တွေရဲ့ တိုးထွက်လာတဲ့ ပုံစံဟာ သားအိမ်ခေါင်း ကင်ဆာအစောပိုင်းအဆင့်နဲ့ တော်တော်တူတဲ့အတွက် ခွဲခြားဖို့ ခက်ခဲပါတယ်။ ပုံမှန်အားဖြင့် ဒီဆဲလ်တွေဟာ ကုသစရာမလိုဘဲ ပြန်လည် ပျောက်ကင်းသွားနိုင်ပေမဲ့ ဓမ္မတာ ကြားကာလမှာ သွေးဆင်းခြင်းနဲ့ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သားအိမ်တစ်ရှုးများ သားအိမ်ပြင်ပ ကြီးထွားခြင်း။ (Endometriosis) သားအိမ်တွင်းက တစ်ရှုးများ တစ်ခြား မျိုးပွားအင်္ဂါတွေ ဖြစ်တဲ့ မျိုးဥအိမ်နဲ့ မျိုးဥ သယ်ပြွန်တဲ့မှာ ကြီးထွားလာခြင်းကို Endometriosis လို့ခေါ်ပါတယ်။ သားအိမ်ပြင်ပမှာဆိုရင် ဒီတစ်ရှုးတွေဟာ ဓမ္မတာ လာတဲ့အချိန်လိုပဲ ထူထဲလာနိုင်ပြီး သွေးထွက်နိုင်ပါတယ်။ ဒီလို ကြီးထွားတဲ့ အခါ တင်ပါးဆုံခြမ်းနဲ့ ဝမ်းဗိုက်အောက်ဘက်ပိုင်းတို့ နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သားအိမ်ခေါင်းကြွက်သားများ ချို့ယွင်းခြင်း။ ဒီလို ကင်ဆာအစပျိုး ဆဲလ်များ သားအိမ်ခေါင်းမှာ ကြီးထွားတဲ့ အခါ ဒီဆဲလ်တွေက ဘေးပတ်ဝန်းကျင် အစိတ်အပိုင်းတွေကို ယားယံစေနိုင်ပြီး လိင်ဆက်ဆံချိန်မှာ ဘေးဘက်က တစ်ရှုးတွေကို ပါ ပျက်ဆီး စေနိုင်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပုံမှန် မဟုတ်ခြင်း။ လူတိုင်း လူတိုင်းမှာ ပုံစံမတူတဲ့ မျိုးပွားအင်္ဂါတွေ ရှိကြပါတယ်။ ဒါကြောင့် လိင်ဆက်ဆံချိန်မှာ နာကျင်တဲ့ ပွတ်တိုက်မှုနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။ သွေးထွက်မှု ရောဂါ ဖြစ်ခြင်း။ မူမမှန်တဲ့ သွေးထွက်ခြင်းနဲ့ သွေးခဲခြင်းက လိင်ဆက်ဆံချိန်မှာ သွေးထွက်စေနိုင်ပါတယ်။ ဒါ့အပြင် သွေးကျဲခြင်းကို ဖြစ်စေတဲ့ ဆေးများကလည်း လိင်ဆက်ဆံချိန် သွေးထွက်စေနိုင်ပါတယ်။ ကင်ဆာရောဂါများ။ မျိုးပွား အင်္ဂါ များနဲ့ ဆီးလမ်းကြောင်း အပေါ် သက်ရောက်မှု ရှိတဲ့ ကင်ဆာများဟာ မွေးလမ်းကြောင်း တစ်ရှုးများနဲ့ ဟော်မုန်း ပမာဏကို ပြောင်းလဲနိုင်ပြီး ပိုပြီး ဒဏ်ရာရလွယ်စေပါတယ်။ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းဟာ သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကင်ဆာတို့ရဲ့ အတွေ့ရများတဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ။ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းကို ဖြစ်စေနိုင်တဲ့ အတွေ့ရများတဲ့ အကြောင်းရင်းများကတော့
  • မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း၊
  • ရေဓာတ် ခမ်းခြောက်ခြင်း၊
  • လိင်ဆက်ဆံရာတွင် ကြမ်းတမ်းခြင်း၊
  • ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့ ဆေးဝါးများ၊
  • ကိုယ်ခံအားစနစ် အားနည်းခြင်း၊
  • မိသားစုမျိုးရိုးတွင် မွေးလမ်းကြောင်းခြောက်သွေ့ခြင်းနဲ့ ရောင်ကိုင်းခြင်းခံစားရသူတွေ ရှိခြင်း၊
  • သားအိမ်ခေါင်းနဲ့ သားအိမ်ကင်ဆာ ဖြစ်ပွားမှု မှတ်တမ်းရှိခြင်း၊
  • သွေးမဆုံးခင်ကာလ၊ သွေးဆုံးကာလနဲ့ သွေးဆုံးပြီး ကာလသို့ရောက်ရှိနေခြင်း၊
  • ချောဆီမပါတဲ့ ကွန်ဒုံးဖြင့် လိင်ဆက်ဆံမိခြင်း၊
  • လိင်ဆက်ဆံရန် ဆန္ဒ မပါခြင်း၊
  • လိင်ဆက်ဆံတဲ့ အတွေ့အကြုံမရှိခြင်း၊
  • ယားယံစေတဲ့ ဓာတုပစ္စည်းများနဲ့ ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့ ဆေးဝါးများနဲ့ ထိတွေ့ခြင်း၊
  • မွေးလမ်းကြောင်းနဲ့ သားအိမ် ကူးစက်ရောဂါ ခံစားနေရခြင်း၊
  • မွေးလမ်းကြောင်း သန့်ရှင်းဆေးရည်များ သုံးစွဲထားခြင်း၊
  • ဆီးချိုရောဂါ ရှိခြင်း၊
  • သွေးဖိအား များပြားခြင်း၊
ရောဂါ ကုသမှု နည်းလမ်းများ။ မွေးလမ်းကြောင်းဆိုင်ရာ သွေးထွက်ခြင်းကို ကုသပေးနိုင်တယ်ဆိုတဲ့ တိကျကုသမှု နည်းလမ်း တွေတော့ မရှိသေးပါဘူး။ ဒါကြောင့် ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေက လူနာနဲ့ သူ့ရဲ့ မိသားစုရဲ့ ဆေးဝါးမှတ်တမ်းများကို မေးမြန်းမှာ ဖြစ်ပြီး စစ်ဆေးမှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။ အတွေ့ရများတဲ့ စစ်ဆေးမှုတွေကတော့
  • ကူးစက်ရောဂါ စစ်ဆေးခြင်း၊
  • ပုံမှန်မဟုတ်တဲ့ တစ်ရှုးကြီးထွားမှုများကို လေ့လာခြင်း၊
  • မွေးလမ်းကြောင်းဆိုင်ရာ ultrasound ရိုက်ခြင်း၊
  • မွေးလမ်းကြောင်း၊ သားအိမ်ခေါင်းနဲ့ သားအိမ်တို့ကို စစ်ဆေးလေ့လာခြင်း၊
  • သားအိမ် အနားသားတစ်ရှုးများကို လေ့လာခြင်း၊
  • သွေးစစ်မှုများ ပြုလုပ်ခြင်း၊
  • ကိုယ်ဝန် စစ်ခြင်းတို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။
ဆရာဝန်ထံ ဘယ်အချိန် သွားပြရမလဲ။ လိင်ဆက်ဆံအပြီး သွေးထွက်မှုက ခဏခဏ ဖြစ်မယ်၊ ပြင်းထန်မယ်၊ လိင်ဆက်ဆံပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ ဖြစ်နေမယ် ဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ဒီလို လိင်ဆက်ဆံပြီး သွေးထွက်ခြင်း အပြင် အောက်မှာ ဖော်ပြထားတဲ့ ရောဂါ လက္ခဏာတွေကို ပါ ခံစားနေရမယ်ဆိုရင်ဆရာဝန်နဲ့ သွားရောက်ပြသင့်ပါတယ်။ အဲ့ဒီရောဂါ လက္ခဏာတွေကတော့-
  • မွေးလမ်းကြောင်းယားယံခြင်းနဲ့ ပူစပ်ခြင်း၊
  • ပုံမှန်မဟုတ်ဘဲ သွေးစီးခြင်း၊
  • ဝမ်းဗိုက် အပြင်းအထန် နာကျင်ခြင်း၊
  • ပျို့အန်ခြင်း၊ အစားအစားခြင်း စိတ်မရှိခြင်း၊
  • ဆီးသွားချိန်နဲ့ လိင်ဆက်ဆံချိန် နာကျင်၊ ပူစပ်ခြင်း၊
  • နောက်ကျောအောက်ဘက်ပိုင်းနာကျင်ခြင်း၊
  • အကြောင်းရင်း မရှိဘဲ မောပန်းနွမ်းနယ်ခြင်း၊
  • ခေါင်းကိုက်ခြင်းနဲ့ ခေါင်းမူးခြင်း၊
  • အသားအရောင် ဖျော့လျော့ခြင်း၊
  • ဆီးအိမ်နဲ့ မစင်အိမ် မူမမှန်ခြင်း တို့ဖြစ်ပါတယ်။
ကုသမှု နည်းလမ်းများ။ လိင်ဆက်ဆံချိန် ဘာကြောင်းသွေးထွက်ရတာလဲဆိုတာရဲ့ အဖြေတိတိကျကျ မသိသေးတဲ့ အခါမှာတော့ ကုသမှု နည်းလမ်းက တိတိကျကျ ရှိမှာ မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ ကုသမှုနည်းလမ်းတွေကတော့-
  • မွေးလမ်းကြောင်းကို စိုစွတ်စေနိုင်တဲ့ ခရမ်များ၊
  • ဆီးပူညောင်းကျ၊ ဆစ်ဖလစ်ရောဂါနဲ့ chlamydia လို ဘတ်တီးရီးယား ကူးစက်ရောဂါများအတွက် ပဋိဇီဝဆေးများ၊
  • ဗိုင်းရပ်စ် ကူးစက်ခြင်းများ အတွက် ရောဂါများ၊
  • သားအိမ်ခေါင်းအတွင်းမှ ဆဲလ်များ သားအိမ်ခေါင်း အပြင်သို့ ကြီးထွားလာခြင်း၊ (Cervical ectropion) အတွက် ခွဲစိတ်နည်းဖြင့် ခွဲထုတ်ခြင်း၊ အေးခဲစေခြင်းဖြင့် ဖယ်ရှားခြင်း (cryotherapy)နဲ့ လျှပ်စစ်ဖြင့် ဖယ်ထုတ်ခြင်း၊ (cryotherapy = ဒီနည်းလမ်းဟာ နောက်ပိုင်းမှာ ထွက်ရှိလာတဲ့ ကုသမှုဖြစ်ပြီး အကျိတ်များနဲ့ ကင်ဆာဆဲလ်များကို အေးခဲစေခြင်း ဖြင့် ဖယ်ရှားတာ ဖြစ်ပါတယ်)
  • မူမမှန်ဘဲ သွေးထွက်ခြင်းကို ဖြစ်စေတဲ့သားအိမ်တွင် အမြှေးပါးပေါ်က အကျိတ်များကို ဖယ်ရှားခြင်း၊
  • ကင်ဆာရောဂါအတွက် ကုသမှုများ၊
  • မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းတဲ့ အတွက် အီစရိုဂျင်ဆေးဝါးများ တို့ဖြစ်ပါတယ်။
ကိုယ်ဝန်လွယ်ထားစဉ် လိင်ဆက်ဆံချိန်သွေးထွက်ခြင်း။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားချိန်နဲ့ နို့ချို့တိုက်ကျွေးချိန်တွေမှာ ဟော်မုန်းတွေက ပြောင်းလဲနေတဲ့ အတွက်မွေးလမ်းကြောင်း တစ်ရှုးတွေက ပိုပြီး ထိခိုက်လွယ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် လိင်ဆက်ဆံပြီး နောက် သွေးအနည်းငယ်ထွက်ခြင်းက သာမန်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်ချိန် အစပိုင်းမှာ သွေးအများအပြားဆင်းမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်ရင့်တဲ့ အချိန်မှာ သွေးဆင်းခြင်းက စောမွေးတာ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်သင့်ပါတယ်။ လိင်ဆက်ဆံပြီး သွေးမထွက်စေဖို့ ဘယ်လို ကာကွယ်ရမလဲ။ ရေဓတ် ပြည့်ဝနေခြင်းဟာ လိင်ဆက်ဆံပြီး သွေးထွက်တာကို လျော့ကျစေနိုင်ပါတယ်။ လိင်ဆက်ဆံပြီး အသေးစား သွေးထွက်ခြင်းကို ပုံမှန်အားဖြင့် ကြိုတင်ကာကွယ်ထားလို့မရပေမဲ့ အောက်ပါ အချက်တွေ လိုက်လုပ်မယ်ဆိုရင်တော့ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းကို လျော့ကျစေနိုင်ပါတယ်။ နည်းလမ်းတွေကတော့-
  • ရေဓာတ်ပြည့်ဝအောင်နေထိုင်ခြင်း၊
  • ရေဓာတ် (သို့) ဆီလီကွန် အခြေခံထုတ်လုပ်ထားတဲ့ ချောဆီတွေကို လိင်စိတ်နှိုးဆော်တဲ့ အခါနဲ့ လိင်ဆက်ဆံချိန် သုံးစွဲခြင်း၊
  • ကြမ်းတမ်းတဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း၊
  • မွေးလမ်းကြောင်း စိုစွတ်စေတဲ့ ဆေးဝါးများကို ပုံမှန် သုံးစွဲခြင်း၊
  • ရေမွှေးပါတဲ့ အမျိုးသမီး အင်္ဂါသုံးပစ္စည်းများကို ရှောင်ကြဉ်ခြင်း၊
  • လိင်ဆက်ဆံဖော်အမျိုးမျိုးနဲ့ ဆက်ဆံတိုင်း ကွန်ဒုံးသုံးစွဲခြင်း၊
  • လိင်ဆက်ဆံချင်စိတ်မရှိရင် မိမိရဲ့ အဖော်အား ပွင့်လင်းစွာ ပြောပြခြင်း၊
  • လိင်မဆက်ဆံခင် လိင်စိတ်နှိုးဆော်မှု အဆင့်အား အရင် ဖြတ်ကျော်ခြင်း၊
  • ကူးစက်ရောဂါ ရှိနေတယ်လို့ သံသယရှိနေရင် ကုသမှု ချက်ခြင်း ခံယူခြင်း၊
ဒါ့အပြင် မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းနဲ့ သွေးဆုံးခြင်းကြောင့် ဖြစ်တဲ့ ရောဂါ လက္ခဏာများ genitourinary syndrome of menopause (GSM) ကို လျော့ကျစေတဲ့ ဆေးဖက်ဝင် အပင်ထွက်ပစ္စည်းများဖြစ်တဲ့ ဗီတာမင် E၊ အိုမီဂါ ၃ ဆေးဝါးများကို သုံးစွဲသင့်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း ဟော်မုန်းထွက်မဟုတ်တဲ့ အီစရိုဂျင်နဲ့ (estrogens) phytoestrogens ပါဝင်တဲ့ အပင်တွေ ဖြစ်တဲ့-
  •  ပန်းသီး၊
  • စပျစ်သီး၊
  • မုန်လာဥဝါ၊
  • နှမ်းစေ့၊
  • နေကြာစေ့၊
  • သံလွင်ဆီ၊
  • မြင်းစာ ကျွဲစာ အဖြစ် အသုံးပြုတဲ့ ပဲ မျိုးနွယ် အပင် (Alfalfa)၊
  • နှမ်းကြတ်ပင် (flax)၊
  • ပဲနီကလေး၊
  • ယာဂု( မြင်းစားဂျုံ)၊
  • မက်မွန်၊ မက်မန်းပင်မျိုးဝင် အပင်တစ်မျိုး၊
  • သစ်ကြားသီး များကို စားသုံးနိုင်ပါတယ်။
နိဂုံးချုပ် လိင်ဆက်ဆံအပြီး သွေးထွက်ခြင်းဟာ ဓမ္မတာ မလာတော့တဲ့ အမျိုးသမီးတွေနဲ့ မျိုးဥအိမ်ဆိုင်ရာ ပြဿနာရှိနေတဲ့ အမျိုးသမီးတွေမှာ အတွေ့ရများတဲ့ ဖြစ်စဉ်ဖြစ်ပြီး သာမန်လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဓမ္မတာ လာနေသေးတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံအပြီး သွေးထွက်ခြင်းဟာ သူ့ဘာသာ ပျောက်ကင်းသွားတတ်တယ် ဆိုပေမဲ့ ပြင်းထန်ပြီး ခဏခဏ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။ ရေးသားသူ Arkar Hein ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024