တာလီဘန်နှင့်အပစ်ရပ်ထားသည့်နေ့ ကုန်ဆုံး၊ နိုင်ငံအနှံ့ စစ်ဆင်ရေးပြန်စရန် အာဖဂန်သမ္မတပြော

အာဖဂန်နစ္စတန်အစိုးရဟာ တာလီဘန်လက်နက်ကိုင်တွေနဲ့ တဖက်သတ် အပစ်ရပ်စဲထားမှု ကုန်ဆုံးပြီလို့ ဇွန်လ ၃ဝ ရက်နေ့မှာ သမ္မတ အာရှက်ဂါနီက ကြေညာလိုက်ပါတယ်။ ဒါ့ကြောင့် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံအနှံ့စစ်ဆင်ရေးတွေ ပြန်စဖို့လည်း အမိန့်ပေးလိုက်ပါတယ်။ တာလီဘန်တွေနဲ့ တပတ်ကြာ အပစ်ရပ်မယ်လို့ သမ္မတက ဇွန်လ  ၅ ရက်နေ့က ကြေညာခဲ့တာပါ။ အဲဒီနောက် အာဖဂန်အစိုးရက ၁၈ ရပ်ထပ်တိုးခဲ့တာကြောင့် ရာမဒမ်ဥပုဒ်ကာလ ပြီးဆုံးချိန် အိဒ်ပွဲတော်အတွက် ၃ ရက်ကြာ အပစ်ရပ်တဲ့ တာလီဘန်တွေရဲ့ အပစ်ရပ်တဲ့ ရက်နဲ့ ရက်ထပ်ခဲ့ပါတယ်။ ဒါဟာ ၁၇ နှစ်ကြာလာပြီဖြစ်တဲ့ ပြည်တွင်းပဋိပက္ခမှာ တာလီဘန်တွေဘက်က ထူးထူးခြားခြားကြေညာ ချက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ပါဝင်မလား၊ ဆက်ပြီးတိုက်ခိုက်မလားဆိုတာ တာလီဘန်တွေပဲ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တယ်လို့ သမ္မတ ကပြောပါတယ်။ တာလီဘန်တွေအနေနဲ့ အာဖဂန်ပြည်သူတွေရဲ့ငြိမ်းချမ်းရေးတောင်းဆိုမှုကိုလေးစားပြီး နိုင်ငံအတွင်း တာရှည်ခိုင်မြဲတဲ့ တည်ငြိမ် အေးချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်ဖို့ သမ္မတ အာရှက်ဖ်ဂါနီက တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up