ဒုက္ခသည်များပြန်လက်ခံရန် မြန်မာကအဆင်သင့်ဖြစ်နေဟု ယုံကြည်ကြောင်း တရုတ် ပြော

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ ပြန်လာရင် မြန်မာနိုင်ငံဘက်က  ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ကြောင်း တရုတ်အစိုးရ ထိပ်တန်းသံတမန်တွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့က ပေကျင်းမှာ တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ယီနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟက်ဆန် မာမွတ်အလီတို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ သူဟာ မြန်မာနိုင်ငံ အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဇွန်လ ၂၈ ရက်နေ့က ပေကျင်းမှာ တွေ့ဆုံခဲ့ချိန် ဒုက္ခသည်ပြန်လည်လက်ခံရေးကိစ္စကို ဖြေရှင်းဖို့ မြန်မာနိုင်ငံဘက်က ကြိုးပမ်းဆောင်ရွက်နေကြောင်းကို ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံလုံးက ဒီအရေးအတွက် ကြိုးစားဆောင်ရွက်နေကြတာကို မြင်တွေ့နေရပြီး ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ အမြန်ဆုံး စတင်တော့မယ်လို့ သဘောပေါက်နားလည်ထားပါကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင် ဝမ်ယီက ပြောဆိုပါတယ်။ ရခိုင်ပြည်နယ်ကို ဒုက္ခသည်တွေ အစောဆုံး ပြန်လာမယ့်သူတွေအတွက် ပြည့်စုံကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားဖို့ တရုတ်ရဲ့အားပေးကူညီမှုကို ရှာနေတာဖြစ်ပြီး ဒီပြဿနာကို ရေရှည်ထိန်းထားနိုင်ပြီး တာရှည်ခံနိုင်တဲ့ ဖြေရှင်းချက်အတွက် တိကျတဲ့ အဆိုပြုချက်တွေကိုလည်း ဝေမျှထားပါတယ်။ ဒီအရေး ဖြေရှင်းရာမှာ တရုတ်က အများကြီး ဆက်ကူညီပေးသွားမယ်ဆိုတာ ယုံကြည်ထားပါတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာနဲ့ ရင်းနှီး နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ရခိုင်ပြည်နယ်က တရားသဖြင့် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းတဲ့ စစ်ဆင်ရေးကို ထောက်ခံထားတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up