စစ်အစိုးရလက်ထက်က ဖျက်သိမ်းခံရတဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မွန်ဒီမိုကရေစီပါတီ အမည်သစ်နဲ့ မှတ်ပုံတင်ခွင့် ပြန်လျှောက်တာကို ဒီနေ့ ခွင့်ပြုချက်ရခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မွန်ဒီမိုကရေစီပါတီကို ပါတီ မှတ်ပုံတင်ကျပြီဖြစ်ကြောင်း ဒီမနက် တယ်လီဖုန်းနဲ့ လှမ်းအကြောင်းကြားတယ်လို့ ပါတီဗဟိုကော်မတီဝင် နိုင်စိုးမြင့်က ပြောပါတယ်။
ပါတီမှတ်ပုံတင်ခွင့်ပြုစာကို မော်လမြိုင်မြို့က ပြည်နယ်ကော်မရှင်ရုံးမှာ သွားယူခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီစာမှာ ပါတီမှတ်ပုံတင်ကျပြီ ဖြစ်တဲ့အတွက် ရက်ပေါင်း ၉၀ အတွင်းမှာ အဖွဲ့ဝင်ပေါင်း အနည်းဆုံး ၁၀၀၀ ရအောင် စည်းရုံးဖို့၊ အမည်စာရင်းတွေကို ကော်မရှင်ဆီ တင်ပြဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
မကြာခင် ဗဟိုကော်မတီ အစည်းဝေးခေါ်ယူပြီးရင် မြို့နယ်ဒေသအသီးသီးမှာ စည်းရုံးရေးဆင်းမှာဖြစ်ပြီး တပြိုင်နက်တည်းမှာပဲ မွန်ရဟန်းရှင်လူ ပြည်သူတွေ လိုလားတဲ့ မွန်ပြည်နယ်မှာ မွန်တပါတီတည်းရှိဖို့ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ တပါတီတည်းအဖြစ် ပူးပေါင်းရေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မွန်ပြည်နယ်မှာ မွန်တစ်ပါတီတည်းဖြစ်ဖို့နဲ့ ကြားနေနာမည်တခု ရှိဖို့အတွက် ရည်ရွယ်ပြီး မူလပါတီအမည်ကနေ မွန်ဒီမိုကရေစီပါတီ ဆိုတဲ့အမည်ကို ပြောင်းလဲခဲ့တာလို့ နိုင်စိုးမြင့်က ပြောပါတယ်။
မနှစ်နှစ်ကုန်က မွန်ဒီမိုကရေစီပါတီ အလုပ်အမှုဆောင်ရွေးချယ်ပွဲမှာ ဥက္ကဋ္ဌ အဖြစ် မွန်ဝါရင့်နိုင်ငံရေးသမား နိုင်ငွေသိမ်း၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာမင်းစိုးလင်း၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ဒေါက်တာမင်းကြည်မင်းတို့ ပါဝင်တဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၁ ဦး၊ ဗဟိုကော်မတီဝင် ၄၂ ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမတ် နေရာ ၅ နေရာ အနိုင်ရခဲ့ပါတယ်။