Home
မြန်မာသတင်း
မလေးရှား မူးယစ်ဆေးဝါးမှု သမ္မတ၏ တိုက်ရိုက်လမ်းညွှန်မှုဖြင့် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ
DVB
·
June 29, 2018
မလေးရှားမှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးအမှု တရားခံလို့ ယူဆခံရသူနဲ့ ပတ်သက်နေတဲ့ မြန်မာနိုင်ငံသားတွေကို သမ္မတရဲ့ တိုက်ရိုက်လမ်းညွှန်မှုနဲ့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့  ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ပြောပါတယ်။ မလေးရှားနိုင်ငံမှာ မူးယစ်ဆေးဝါး ဒေါ်လာ ၁၈ သန်းဖိုး ဖမ်းမိတဲ့အမှုရဲ့ အဓိကတရားခံ အဖြစ် ယူဆရသူဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မူဆလင်တွေကို လူကုန်ကူးနေတဲ့ အဖွဲ့ခေါင်းဆောင်အဖြစ်လည်း သံသယရှိခံနေရပါတယ်။ ဒီအမှုကို ဖော်ထုတ် အရေးယူနိုင်ဖို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့  တရားခံလို့ ယူဆခံထားရသူနဲ့ ပတ်သက်ဆက်နွှယ်တဲ့ မြန်မာနိုင်ငံသားတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ပြောပါတယ်။ အဲဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုင်ငံတော်သမ္မတကိုယ်တိုင် တိုက်ရိုက်လမ်းညွှန်မှု ပေးနေပြီး အမှုမှန်ပေါ်ပေါက်လာရင်လည်း တည်ဆဲဥပဒေတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားမယ်လို့  ဆိုပါတယ်။ အဓိက တရားခံအဖြစ် သံသယရှိသူဟာ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ နိုင်ငံသားကတ် ကိုင်ဆောင်ထားသူ တဦးလည်း ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံသားဖြစ်ခွင့်ကို သူကိုယ်တိုင် ရွေးချယ်ရမှာဖြစ်ပြီး မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ပါက မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း အမြဲတမ်းအတွင်းဝန်က ဆိုပါတယ်။ မြန်မာနဲ့ မလေးရှားနိုင်ငံတို့ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အပြင် နှစ်နိုင်ငံ နိုင်ငံသားတွေက ကူးလူးဆက်ဆံမှုတွေ ရှိနေတဲ့အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေးအရ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးကို ထိရောက်စွာ အရေးယူဖို့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ မလေးရှားအစိုးရအနေနဲ့ကတော့ တရားခံအဖြစ် သံသယရှိသူ  ဖွင့်လှစ်ထားတဲ့ စတိုးဆိုင်က ဝန်ထမ်းတွေနဲ့ ဆိုင်နေရာ ငှားရမ်းပေးထားသူတို့ကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး စတိုးဆိုင်ဖွင့်ခွင့်ကိုတော့ ယာယီပိတ်သိမ်းထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024