ဟားခါး-ဂန့်ဂေါလမ်းတွင် ကားမှောက်ပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 29, 2018
ဟားခါး-ဂန့်ဂေါလမ်း၊ ဇိုခွါးကျေးရွာအနီးမှာ ဇွန် ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က အိမ်ဆောက်ပစ္စည်းတင် မော်တော်ယာဉ် တစီး မတော်တဆ တိမ်းမှောက်ပြီး လူ ၁ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရသွားတယ်လို့ ခရိုင်ပြန်ဆက်သတင်းမှာ ဖော်ပြပါတယ်။
ပခုက္ကူမြို့ကနေ ဟားခါးမြို့ကို အိမ်ဆောက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ်ဟာ ဟားခါး-ဂန့်ဂေါလမ်း မိုင်တိုင်အမှတ် ၁၉ မိုင်၊ ၅ ဖာလုံနဲ့ ၆ ဖာလုံကြားမှာ ဘယ်ဘက်နောက်ဘီးပေါက်ပြီး ပေ ၁၅၀ အနက်ရှိတဲ့ ချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့တာပါ။
ယာဉ်ပေါ်ပါသူ ၃ ဦးအနက် ယာဉ်မောင်း ဦးနိုင်ဝေဦး ညာဘက်ခြေသလုံး ဖူးရောင်ကျိုးပဲ့ဒဏ်ရာ၊ မေးအောက် ပွန်းပဲ့ဒဏ်ရာ၊ ညာမျက်ခုံးကွဲ ဒဏ်ရာ (အတွင်းလူနာ မစိုးရိမ်ရ)၊ ဝပ်ရှော့ဆရာ ဦးဇေယျာဦး (ဝဲ) ခြေသလုံး ဖူးရောင်ဒဏ်ရာ၊ ဘယ်ဘက် တံတောင်ပွန်းပဲ့ဖူးရောင်ဒဏ်ရာ၊ ဗိုက်အောက်ဒဏ်ရာရ (အတွင်းလူနာ မစိုးရိမ်ရ) တို့ ရရှိကာ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။
ယာဉ်နောက်လိုက် ဖိုးကျော်(ခ)ဦးကျော်ဇင်ဦးကတော့ နားနှစ်ဖက် သွေးထွက်ဒဏ်ရာ၊ ဘယ်ဘက်ရင်ညွန့် ထိုးသွင်းဒဏ်ရာတွေရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ခရိုင်ပြန်ဆက်သတင်းအရ သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းနှင်သူ ဦးနိုင်ဝေဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ခရိုင် ပြန်/ဆက်