Home
မြန်မာသတင်း
ပါတီလူပုဂ္ဂိုလ်အစွဲမထားဘဲ မှန်တာလုပ်ရင် တိုင်းပြည်တိုးတက်မည်ဟု ဥက္ကဋ္ဌပြော
DVB
·
July 10, 2012
Myanmar pro-democracy leader Suu Kyi shakes hands with Htay Oo, Secretary-General of the Union Solidarity and Development Party, after attending a meeting at the Lower House of Parliament in Naypyitaw

ပါတီစွဲ၊ လူပုဂ္ဂိုလ်အစွဲမထားဘဲ မှန်တာလုပ်ရင် တိုင်းပြည်တိုးတက်မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုနဲ့ရော ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနဲ့ သီးခြားစီ အလွတ်သဘောတွေ့ဆုံအပြီးမှာ အခုလို မှတ်ချက်ပြုသွားတာပါ။

[caption id="attachment_27784" align="alignleft" width="300" caption="ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဌေးဦး (ဓာတ်ပုံ- ရိုက်တာ)"][/caption]

ဒီနေ့ မနက်ပိုင်း ပြည်သူ့လွှတ်တော် အစည်းအဝေး လက်ဖက်ရည်သောက် ခေတ္တနားချိန်မှာ တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ခွင့်တောင်းဆိုတဲ့အတွက် တွေ့ဆုံစဉ်မှာ အခုလို မှတ်ချက်ပြုသွားတာပါလို့ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် က ပြောပါတယ်။

“ဦးအောင်ကိုက အစ်မကြီးရဲ့ ပြည်ပခရီးစဉ်က အရမ်းအောင်မြင်ပါတယ်တဲ့။ အရမ်းဝမ်းမြောက်ပါတယ်တဲ့။ ကျနော်တို့လည်း အားတက်ပါတယ်တဲ့။ ပြည်သူလူထုကလည်း သတင်းတွေကြည့်ပြီးတော့ အားတက်ပါတယ်တဲ့။ ဥက္ကဋ္ဌကို သူပြောတာက တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေပြုရေးကိစ္စတွေနဲ့ ပတ်သက်လို့ လိုအပ်ရင် သူ့ကို ပြောပါ၊ သူ တတ်နိုင်သလောက် ကူညီပါရစေ။ ဥက္ကဋ္ဌကလည်း ပညာရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ သူစိတ်ဝင်စားတဲ့အကြောင်း ပြောသံကြားတယ်။ မှန်တာကို အတူတွဲပြီးလုပ်ကြမယ်ဆိုရင် လူပုဂ္ဂိုလ်၊ ပါတီစွဲတို့က အဓိကမကျပါဘူး။ တိုင်းပြည်အတွက် မှန်တဲ့အလုပ်ကို အတူလက်တွဲပြီးတော့ ညီညီညွတ်ညွတ်ဆောင်ရွက်ကြမယ်ဆိုရင် ဒါ့ထက် တိုးတက်တဲ့အောင်မြင်မှုတွေ ရလာမှာပဲလို့ ဥက္ကဋ္ဌက မှတ်ချက်ပြုပါတယ်။”

ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးဆုံး လို့ ပြန်ခါနီးမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံအပြီး နှစ်ဦးစလုံးကလည်း အခုအချိန်ဟာ ပူပေါင်းဆောင်ရွက်ဖို့ အချိန်ရောက်ပါပြီ ဆိုတဲ့ မှတ်ချက်ပြုသွားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“၂ ယောက်လုံးက ပြောတာကတော့ လွှတ်တော်လည်း အတူတူရောက်ကြပြီ။ ပူးပေါင်းဆောင်ရွက်ဖို့ အခြေအနေကလည်း ပေးလာပြီ။ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်တွေပေါ်မှာ အတူလက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားကြမယ် ဆိုရင် ဒါ့ထက် ပိုတိုးတက်မယ်လို့ မှတ်ချက်ပြုကြပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024