စစ်တပ်က ဖမ်းဆီးထားသည့် ယိခုရွာသား ၁ ဦး ပျောက်ဆုံးနေ

ဇူလိုင်လ ၁ ရက်နေ့က မြန်မာအစိုးရတပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်နေတဲ့ ၃ ဦးထဲက ၂ ဦး ပြန်လွတ်လာပြီဖြစ်ပေမယ့် ၁ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ရွာသားတွေ က ပြောပါတယ်။

ရှမ်းပြည်နယ် မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် ယိခုရွာက ရွာသူရွာသား ၂၆ ဦးကို အစိုးရစစ်ကြောင်း ၃ ခုဖြစ်တဲ့ ခမရ ၁၀၉၊ ၁၂၃ နဲ့ ခလရ ၄၅ စစ်ကြောင်းတွေက ဇူလိုင် ၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ပြီး ညတွင်းချင်းမှာပဲ ၂၃ ဦး လွတ်မြောက်လာခဲ့ပါတယ်။

ကျန်နေတဲ့ ၃ ဦးထဲက ၂ ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လွတ်မြောက်လာခဲ့ပေမယ့် ၁ ဦး ရွာကိုပြန်မရောက်ဘဲ ပျောက်ဆုံးနေတာလို့ ဒေသခံ ရွာသူတဦးက ပြောပါတယ်။

“အခု ပြန်လွတ်လာတဲ့ ၂ ယောက်က ပြောတာက သူတို့ကိုတော့ မျက်စိကို အ၀တ်စနဲ့ စည်းထားပြီး အခု ပျောက်နေတဲ့ ရွာသားကို နင်က သွားလို့ရပြီလို့ ပြောပြီး အရင် လွှတ်ပေးလိုက်တယ် တဲ့။”

ပြန်လွတ်လာသူ ယိခု ရွာသား တရုတ်လူမျိုးကတော့ သူတို့ ၂ ဦးကို ပြန်မလွှတ်ပေးခင် အဲဒီတယောက်ကို အရင်လွှတ်လိုက်တာလို့ ဘာသာပြန်နဲ့ အခုလိုပြောပါတယ်။

“တယောက်က သူတို့ထက် ၁ ရက်စောပြီး လွှတ်လိုက်ပြီ ပြောတယ်။ ဒါပေမယ့် သူတို့ကို မျက်စိကို အ၀တ်စည်းထားတဲ့အတွက် တကယ်ပဲ လွှတ်လိုက်သလား။ အခန်းထဲပဲ ခေါ်သွားသလားမသိဘူးလို့ ပြောတယ်။”

ဒါ့အပြင်သူ ဖမ်းဆီးခံရစဉ်ကလည်း မေးမြန်းနှိပ်စက်ခံရပုံကို အခုလို ဆက်ပြောပါတယ်။

“ပန်ဆန်းကိုရောက်လာပြီး စဖမ်းခါစ ညကတော့ ဘာမှမလုပ်ဘူးတဲ့။ နောက် တနေရာ ပြောင်းသွားပြီး စခန်း နောက်တခုရောက်တော့ မျက်စိကို အ၀တ်စနဲ့စည်းပြီးတော့၊ ပက်လက်လှန်ခိုင်းပြီးမှ နှိပ်စက်တယ်တဲ့။”

အိမ်ခြေ ၆၀ လောက်ရှိတဲ့ ယိခုရွာကို စစ်ကြောင်း ထိုးနေတဲ့ အစိုးရစစ်ကြောင်း ၃ ခု ရောက်ရှိ လာပြီး ရွာသား ၂၆ ဦးကို ဇူလိုင် ၁ ရက်နေ့က ဖမ်းဆီခေါ်သွားခဲ့ပါတယ်။

ဒီရွာသား ၂၆ ယောက်ကို ပန်ဆန်းမြို့ ခေါ်ဆောင်သွားပြီး ကေအိုင်အေ စစ်သား ဟုတ် မဟုတ် စစ်ဆေး မေးခဲ့ပါတယ်။ အဲဒီညမှာပဲ ၂၃ ယောက်ကို ပြန်လွှတ်ပေးပြီး ကျန် ၃ ဦးကို သွားရောက် အာမခံတဲ့ ရွာသူကြီးလည်း ရိုက်နှက်ခံခဲ့ရသလို အခုတော့ ၁ ဦး ပျောက်ဆုံးနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up