Home
မြန်မာသတင်း
တိုင်းရင်းသားများ ရလာသည့်အခွင့်အရေးကို အသုံးချရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
DVB
·
June 29, 2018
တိုင်းရင်းသားတွေအနေနဲ့ ရလာတဲ့ အခွင့်အရေးကို အသုံးချဖို့နဲ့ အသုံးမချတတ်​ရင် တိုင်းရင်းသားတွေရဲ့ အားနည်းချက်ပဲလို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က တိုက်တွန်း ပြောပါတယ်။ ဇွန် ၂၈ ရက် မနက်က ဘားအံမြို့မှာ ပြုလုပ်တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ်ရုံး အဆောက်အဦ ဖွင့်ပွဲ အခမ်းအနားမှာ ပြည်နယ်ဝန်ကြီးချုပ်က ပြောသွားတာပါ။ “ကျမတို့ လမ်းမကြီးတခု ဖောက်ပေးလိုက်ပြီ။ ဒီလမ်းမပေါ် လျှောက်ဖို့အတွက် အခွင့်အရေး ရလာပြီ။ အဲတော့ ဒီတိုင်းရင်းသားရုံးကြီးကို ဘာမှ အသုံးမချတတ်ဘူးဆိုရင် တိုင်းရင်းသားတွေရဲ့ ညံ့ဖျင်းမှုပဲ ဖြစ်တယ်။ ဒီလိုမျိုးရလာဖို့အတွက် နှစ်အဆက်ဆက်က ကျမတို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုတာ တိုင်းရင်းသားတွေ အသိဆုံးပဲ။ ကျမတို့ ကရင်တိုင်းရင်းသားတွေက ပိုပြီးနားလည်မယ်လို့ ယုံကြည်တယ်။ ကျမတို့ရဲ့ ရည်မှန်းချက်တွေကို ငွေကြေးနဲ့ ဖြတ်ပြီး ကိုယ့်ရဲ့ လိုချင်တဲ့ဆန္ဒတွေကို အလွဲသုံးစား လုပ်ပစ်တာတော့ ကျမတို့ တိုင်းရင်းသားတွေရဲ့ အားနည်းချက်ပဲ”လို့ ပြောပါတယ်။ တိုင်းရင်းသားရေးရာ အရေးကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုမှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ညွန့်ကြားရေးမှူးတွေကို ခန့်အပ်တာဝန်ပေးနိုင်ခဲ့ပေမယ့် ရုံးဖွင့်လှစ်နိုင်ခဲ့တာ မွန်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာပဲ ဖွင့်လှစ်နိုင်သေးတာဖြစ်ပါတယ်။ တိုင်းရင်းသားရေးရာရုံးကို တိုင်းရင်းသား အခွင့်အရေးတွေအတွက် အသုံးချဖို့လိုပြီး၊ လုပ်ဖို့လည်းလိုကြောင်း၊ ပြည်နယ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ ရှိသလို ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကြိုးစားရာမှာ ပန်းခင်းတဲ့လမ်း လျှောက်နေရတာ မဟုတ်တဲ့အတွက် အခက်အခဲပေါင်းများစွာကို ကျော်လွှားနေရတယ်လို့  ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ အဆိုပါရုံးကို အလျား ၁၃၀ ပေ၊ အနံ ၁၅၀ ပေ မြေကွက်ပေါ်မှာ အလျားပေ ၈၀၊ အနံပေ ၆၀၊ အမြင့် ၂၄ ပေရှိ အာစီ ၂ ထပ် အဆောက်အဦနဲ့ တည်ဆာက်ထားတာပါ။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ အဆောက်အဦ အထောက်အကူပြုလုပ်ငန်းတွေ အပါအဝင် စုစုပေါင်း ကျပ်သန်းပေါင်း ၂၈၇ ဒသမ ၁၀ ကျပ် အကုန်အကျခံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ ၁၃ က တာဝန်ယူ တည်ဆောက်ခဲ့တာပါ။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024