ပိုလန်ကို ရှုံးနိမ့်ခဲ့သော်လည်း ဂျပန်အသင်း ရှုံးထွက်အဆင့် တက်ရောက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု အိတ်ခ်ျ နောက်ဆုံးပွဲစဉ်မှာ ဂျပန်အသင်းဟာ   ပိုလန်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ရှုံးထွက်အဆင့်ကို တက်သွားပါတယ်။ ဂျပန်အသင်းက ပိုလန်ကို သူတင်ကိုယ်တင် အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ဂျပန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက်ကန်သွင်းခွင့်မှာလည်း ပိုရခဲ့ပါတယ်။ ပိုလန်ဘက်က တိုက်စစ်မှူးတွေရဲ့ ထိုးဖောက်ကန်သွင်းချက်တွေကိုလည်း ဂျပန်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ပိုလန်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ၅၉ မိနစ်မှာ ဘက်ဒါရက်က သွင်းယူပါတယ်။ ဂျပန်ဟာ ပိုလန်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဖီဖာ Fair Play စည်းမျဉ်းအရ ဂျပန်အသင်း ရှုံးထွက်အဆင့်ကို တက်သွားတာပါ။ ဂျပန်က ဆီနီဂေါနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူ၊ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ၂ ဂိုးစီ သရေကျခဲ့လို့ ဖီဖာ Fair Play စည်းမျဉ်း အားသာချက်နဲ့ အုပ်စုဒုတိယရခဲ့ပြီး ကိုလံဘီယာနဲ့အတူ နောက်တဆင့်တက်ခွင့် ရယူသွားပါတယ်။ ဖီဖာ Fair Play စည်းမျဉ်းဟာ ပွဲစဉ်တလျှောက် အဝါကတ်၊ အနီကတ် အပြခံရမှုအပေါ် မူတည်ဆုံးဖြတ်တာဖြစ်ပြီး ဂျပန်အသင်းဟာ အုပ်စုပွဲသုံးပွဲမှာ အဝါကတ် ၄ ကတ်ထိခဲ့ပေမယ့် ဆီနီဂေါက အဝါကတ် ၆ ကတ် ထိထားတဲ့အတွက် ဂျပန်အသင်း အုပ်စုကနေ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုလန်ကတော့ ဒီပွဲနိုင်ပေမယ့်လည်း ၃ မှတ်ပဲ ရတာကြောင့် အုပ်စုကနေ ထွက်ခဲ့ရပါတယ်။ ဂျပန်အသင်းဟာ ရှုံးထွက်အဆင့်မှာ တဖက်အုပ်စုက ပထမရတဲ့ ဘယ်လ်ဂျီယံ တွေ့ဆုံနေပြီး လာမယ့် ဇူလိုင် ၂ ရက်ည ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up