နေတိုး ထိပ်သီးညီလာခံပြီးလျှင် ထရမ့်နှင့် ပူတင် တွေ့ဆုံနိုင်

နေတိုး ထိပ်သီးညီလာခံပြီးရင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ အစည်းအဝေးကို ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့မှာ ကျင်းပကောင်း ကျင်းပနိုင်တယ်လို့ အမေရိကန်သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။ ဝါရှင်တန်မြို့မှာ ပေါ်တူဂီသမ္မတနဲ့ တွေ့ဆုံချိန် သတင်းထောက်တွေကို သမ္မတ ထရမ့်က အခုလို ပြောလိုက်တာပါ။ “ကျနော်တို့ ဆီးရီးယားအရေး ပြောဖြစ်မယ်ထင်တယ်။ ယူကရိန်းအကြောင်းလည်း ပါမယ်ထင်တယ်။ တခြားအကြောင်းအရာတွေလည်း ပြောဖြစ်မယ်။ ဘာဖြစ်လာမလဲ ဆိုတာတော့ ဆက်ကြည့်ရမှာပေါ” လို့ သမ္မတက ပြောပါတယ်။ တဖက်မှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ရုရှားဟာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ အရေးကိစ္စတွေ ဆွေးနွေးရာမှာ ပါဝင်သင့်တယ်လို့ သမ္မတထရမ့်က ယုံကြည်ထားကြောင်း ပြောလိုက်ပါတယ်။ လာမယ့်လမှာ သမ္မတထရမ့်က သမ္မတပူတင်နဲ့ တွေ့ဆုံကြတဲ့အခါ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားပါဝင်စွက်ဖက်ခဲ့တာဟာ လက်ခံနိုင်စရာ မရှိဘူး ဆိုတာကို အလေးထား ပြောကြားဖို့ ရှိတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက အထက်လွှတ်တော်ကော်မတီတခုမှာ ပြောပါတယ်။ ရုရှားကို စက်မှုအထွန်းကားဆုံးနိုင်ငံများ G7 မှာ ထည့်သင့်သလားဆိုတဲ့ မေးခွန်းကိုတော့ သမ္မတကပဲ ဖြေကြားရမှာလို့ နိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်ကော်မတီကို ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up