Home
မြန်မာသတင်း
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ပြည်သူကိုချပြရန်တိုက်တွန်း  
ပြည့်ဘုန်းအောင်
·
June 28, 2018
လက်ရှိပြည်တွင်းမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ စစ်တပ်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူကိုချပြဖို့ သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI)က  တိုက်တွန်းလိုက်ပါတယ်။ စစ်တပ်ရဲ့နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို (EITI) စံနှုန်းတွေနဲ့ ၀င်ရောက် စစ်ဆေးခွင့်မရသလို ဒီလုပ်ငန်းတွေရဲ့အကျိုးဆက်တွေဟာ ပြည်သူလူထုကို ထိခိုက်နစ်နာ နေတာကြောင့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကို ချပြသင့်တယ်လို့ ပြောခဲ့တာပါ။ မြန်မာနိုင်ငံ (EITI)သုံးပွင့်ဆိုင်ညွန်ပေါင်းအဖွဲ့ဝင် ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက “ကျောက်မျက်ကဏ္ဍတင် မဟုတ်ဘူး။ နေရာတိုင်းမှာ သူတို့က လက်ဝါးကြီး အုပ်ထားတယ်။ အခု Mytel ဆိုလည်း အားလုံးသိတဲ့အတိုင်းဘဲလေ ဆက်သွယ်ရေးလုပ်ငန်း တွေရော သူတို့ရင်းနှီးမြှုပ်နှံလို့ရတဲ့ ကိစ္စတိုင်းကို လက်ဝါးကြီးအုပ်ထားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ဟာ တကယ်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ပြည်သူလူထုကိုချပြပြီးတော့ ဘယ်လိုပုံစံမျိုးတွေနဲ့စီးပွားရေး လုပ်နေသလဲ၊ စစ်တပ်ကပဲ စီးပွားရေးလုပ်သင့်သလားဆိုတာ ပြည်သူတွေက မေးခွန်းထုတ်ရမယ်”လို့ ပြောပါတယ်။ စစ်တပ်အနေနဲ့လက်ရှိမှာ MEC ကုမ္ပဏီအမည်ခံပြီး လုပ်ငန်းတွေ လုပ်ကိုင်နေသလို တခြားလုပ်ငန်းတွေမှာလည်း လက်ဝါးကြီးအုပ်လုပ်ကိုင်နေတယ်လို့ EITI ကာတ၀န်ရှိ သူတွေက ဆိုပါတယ်။ ဒီလုပ်ငန်းတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ရောင်းချပြီး လုပ်ကိုင်နေတာကြောင့် နိုင်ငံပိုင် စီးပွားရေး လုပ်သင့်၊ မလုပ်သင့်ကို မေးမြန်းထားပေမယ့် ဖြေကြားခဲ့ခြင်း မရှိဘူးလို့ (EITI)အဖွဲ့က ဆိုပါတယ်။ ဆက်လက်ပြီး ဒေါ်မိုးမိုးထွန်းက “ EITI ရဲ့ ပထမအကြိမ် အစီရင်ခံစာမှာထဲကိုက အကြံပြုချက်ပါပါတယ်။ သူတို့ကိုလည်းမေးထားတယ်။ ဦးပိုင်ဟာ နိုင်ငံပိုင်စီးပွားရေး ဖြစ်သင့် သလားပေါ့။ ဘာလို့လဲဆိုတော့ MEC စထောင်တဲ့ ၁၉၉၀ ခုနှစ်ထဲက နိုင်ငံပိုင်လုပ်ငန်း တွေကို ရောင်းချပြီး ရလာတဲ့ငွေတွေနဲ့ထူထောင်ခဲ့တာ ဖြစ်တယ်။ နိုင်ငံပိုင်ငွေနဲ့ ထူထောင်ခဲ့တာကြောင့် ကျမတို့အနေနဲ့စီးပွားရေး ဖြစ်သင့်သလားလို့မေးထားတဲ့ မေးမြန်းချက်တွေကိုတော့ ဒီနေ့ အချိန်ထိ ဖြေရှင်းခဲ့ခြင်း မရှိဘူးလို့” ပြောပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး(EITI) ကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အစိုးရကိုယ်စားလှယ် ၇ ဦး၊ ပုဂ္ဂလိကကိုယ်စားလှယ် ၇ ဦးနဲ့ အရပ်ဖက်ကိုယ်စားလှယ် ၉ ဦးပါဝင်တဲ့မြန်မာနိုင်ငံ (EITI) သုံးပွင့်ဆိုင်ညွှန့် ပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ အခုအစီရင်ခံဟာ ဒီအဖွဲ့ရဲ့ဒုတိယမြောက် အစီရင်ခံစာဖြစ်ပြီး အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကိုတော့ ဇွန်လ ၂၈ ရက်နေ့က  ရန်ကုန်မှာပြုလုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024