Live
Home
မြန်မာသတင်း
ချောင်းဦး ဘကကျောင်းတွင် သိပ္ပံဘာသာရပ် အထောက်အကူပြု ကစားကွင်း ဖွင့်လှစ်
Aung Ko Latt
·
June 28, 2018
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမှတ် ၂ နတ်တိုင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ အာဆီယံစွန့်ဦးတီထွင် လူငယ်ခေါင်းဆောင် ပူးပေါင်းအဖွဲ့ကနေ ဦးဆောင်ပြီး  ဒေသခံတွေရဲ့ စုပေါင်းအားနဲ့ STEM ခေါ် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ စတဲ့ ဘာသာရပ်အထောက်အကူပြု ကစားကွင်း မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ စစ်တမ်းတွေအရ ကလေးတွေဟာ သိပ္ပံပညာရပ်ကို အလွတ်ကျက်ရတဲ့ ဘာသာရပ်အဖြစ်သာ မြင်နေကြပြီး ပျင်းစရာဘာသာအဖြစ်မြင်နေတဲ့ အတွက် သိပ္ပံပညာရပ်တွေအပေါ်မှာ ပိုမိုစိတ်ဝင်စား စူးစမ်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ဖြစ်တာလို့ သိရပါတယ်။ အမှတ် ၂ နတ်တိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဆရာတော် ဦးသုမနကနေ ဦးဆောင်ကာ စတင်ဖွင့်လှစ်လာခဲ့တာ ၈ နှစ်ဝန်းကျင်ရှိနေပြီး အခုပညာသင်နှစ်မှာတော့ KG တန်းကနေ ၉ တန်းအထိ ကျောင်းသားကျောင်းသူ ၂၈၃ ယောက်ကို သင်ကြားပေး နေပါတယ်။ ASEAN STEM Park Champion အဖွဲ့မှာ အာဆီယံ နိုင်ငံတွေက ကျောင်းသားကျောင်းသူတွေပါဝင်ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ STEM နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပရာမှာ STEM ပညာရေး မဖွံ့ဖြိုးသေးတဲ့ မြန်မာ၊ ကမ္ဘောဒီးယားတွေမှာ ဖော်ဆောင်ဖို့ ဦးတည်တာဖြစ်ပါတယ်။ ဒီပွဲကနေ အာဆီယံက လူငယ်ခေါင်းဆောင်တွေ ရွေးချယ်ရာမှာ မြန်မာကတော့ ၆ ယောက်ပါဝင်တက်ရောက်တဲ့အထဲ  နှစ်ယောက်အရွေးချယ်ခံခဲ့ရပါတယ်။ STEM Park Champion အဖွဲ့မှာ ရွေးချယ်ခံရသူတဦးဖြစ်တဲ့ ကိုဇော်ဝင်းထက်က “အဖွဲ့ရဲ့ ရည်ရွယ်ချက်အရ မြန်မာနိုင်ငံမှာ STEM ပညာရေးမြှင့်တင်မယ့်ကျောင်းတွေကို STEM Park တည်ဆောက်မယ်။ အခမဲ့ပစ္စည်းတွေ၊ အလကားရနိုင်မယ့်ပစ္စည်းတွေ နောက်ပြီးတော့ စွန့်ပစ်ပစ္စည်းတွေနဲ့ တည်ဆောက်လို့ရတယ်။ သင်ပေးလို့ရတယ်ဆိုတဲ့ မက်ဆေ့ကို အဓိကပေးချင်တဲ့အတွက် လုပ်တာပါ။ ဒီကျောင်းကိုတော့ ကျေးလက်ဒေသလည်းဖြစ်တယ်။ ပညာရေးမြှင့်တင်ဖို့ ကြိုးစားနေကြတယ်။ ဒေသခံတွေကလည်း ပူးပေါင်းပါဝင်ကြတဲ့အတွက် ရွေးချယ်ခဲ့တာပါ။”လို့ ဒီဗွီဘီကိုပြောပါတယ်။ မြန်မာနိုင်ငံမှာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ  လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိမှာတော့ STEM ပညာရေးခေါ်တဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ စတဲ့ ဘာသာရပ်အထောက်အကူပြုနဲ့ ပတ်သက်ပြီး အစိုးရကျောင်းတွေမှာ ဖော်ဆောင်ပေးနိုင်မှု အင်မတန် အားနည်းနေပါသေးတယ်။ STEM ပညာရေးစနစ်ကိုတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်း အနည်းငယ်မှာသာ အကောင်အထည်ဖော်တာရှိနေပါတယ်။ ဒီလို STEM ပညာရေးစနစ်ဖွံ့ဖြိုးမှ ကလေးတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်အယူအဆတွေ၊ ဖန်တီးမှုတွေ တိုးတက်လာမှာဖြစ်ပြီး သိပ္ပံပညာရပ်က လူမှုစီးပွားဘဝတွေနဲ့ ဆက်စပ်နေတာကြောင့် ကလေးတွေ တီထွင်ဖန်တီးမှုတွေက ကုန်ထုတ်စွမ်းအားတွေ တိုးတက်၊ တိုင်းပြည်လည်း တိုးတက်လာနိုင်မယ်လို့ဆိုပါတယ်။ အခုဖွင့်လှစ်လိုက်တဲ့ သိပ္ပံပညာအထောက်အကူပြု ကစားကွင်းမှာတော့ အင်ဂျင်နီယာဘာသာရပ်ထက် ကျန်တဲ့ သိပ္ပံ၊ နည်းပညာ၊ သင်္ချာဘာသာရပ်တွေကို ဦးစားပေး ဖော်ဆောင်ထားပြီး ရလာဒ်တွေကိုလည်း ပြန်လည် စစ်တမ်းကောက်ယူသွားဖို့ရှိပါတယ်။ STEM Park ဖွင့်ပွဲကို ကိုယ်ပိုင်ကျောင်းတွေ၊ အနီးအနားက ကျောင်းသားကျောင်းသူ တွေလည်း တက်ရောက်ခဲ့ကြပြီး ကျောင်းသားတွေက သူတို့ကိုယ်တိုင် တီထွင်ဖန်တီးထားတဲ့ ပစ္စည်းတွေ၊ လေ့လာမှုတွေကို ပြသရှင်းလင်းခဲ့ကြပါတယ်။ ဒီပွဲကို ခရိုင်ပညာရေးမှူးအပါအ၀င်  ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကျောင်းသားကျောင်းသူတွေ ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024