ပဲခူးမြို့နယ်မှာ အာဇာနည်နေ့ ကျင်းပခွင့်ရဖို့ ပဲခူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အာဏာပိုင်တွေကို စာတင်ခဲ့ပေမယ့် ကျင်းပဖို့ ခွင့်မပြုတဲ့အကြောင်း ဒီနေ့ အကြောင်းပြန်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ရုံးမှာ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ စည်ပင်မြို့နယ်မှူး ဥပဒေအရာရှိ တဦးတို့နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကို ဆင့်ခေါ်ပြီးတော့ ခွင့်မပြုတဲ့အကြောင်း ပြောကြားခဲ့တာလို့ ဒီနေ့ သွားရောက်ရာမှာ ပါဝင်ခဲ့တဲ့ ပဲခူးအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုဂျမားက ပြောပါတယ်။
ပဲခူး အန်အယ်လ်ဒီက ဗိုလ်ချုပ်ကြေးရုပ်မှာ လွမ်းသူပန်းခွေချပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်တွေကို အလေးပြုဖို့ စီစဉ်ထားတာကို ခွင့်ပြုပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဇူလိုင် ၆ ရက်နေ့က စာတင်ခဲ့တာဖြစ်ပါတယ်။
အာဏာပိုင်တွေက ဗိုလ်ချုပ်ကြေးရုပ်မှာ ခွင့်မပြုနိုင်တဲ့ အကြောင်းပြချက်နဲ့ ကိုဂျမားက အခုလိုပြောပါတယ်။
“ဗိုလ်ချုပ်ကြေးရုပ်က အထိမ်းအမှတ်အဖြစ် လုပ်ထားတာပါတဲ့။ လွမ်းသူပန်းခွေ ချဖို့ မြို့လယ်ကောင်မှာ နိမိတ်မကောင်းတဲ့ အလုပ်တွေ ဒါကြောင့် ကျနော်တို့က ခွင့်မပြုတာပါ ဘာညာပြောတယ်။ ကိုယ့်ခြံ ကိုယ့်ဝင်းထဲမှာ လုပ်ဖို့ပြောတယ်။ ကိုယ့်ခြံ ကိုယ့်ဝန်းထဲမှာလုပ်မှတော့ အာဏာပိုင်ဆီ စာတင်စရာ မလိုဘူးလေ။ ကျနော်တို့ ခြံ၊ ရုံး၊ ကျနော်တို့ဆီမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပတယ်။ ဘုန်းကြီးဆွမ်းကပ်တယ်။ အာဇာနည်နေ့ ဟောပြောပွဲတွေလုပ်တယ်။ အဲ့အတွက်တော့ အာဏာပိုင်ကို စာတင်စရာအကြောင်းမရှိဘူးလို့ အခုဟာက အပြင်ဘက် ဗိုလ်ချုပ်ကြေးရုပ်မှာ၊ လုပ်မယ့်အချိန်ကလည်း တနာရီလောက် အဲ့လောက်တောင် မကြာပါဘူး။ ၁၀ နာရီမှာ တန်းစီမယ်။ ၁၀ နာရီ ၃၇ မိနစ်မှာ အလေးပြုမယ်။ ပြီးရင် ငြိမ်းချမ်းစွာနဲ့ ကျနော်တို့ ပြန်မယ်။ ဒီအတွက် စာတင်တာ။ ကျနော်တို့က မေးတယ် ခွင့်မပြုတာဟာ မြိ့နယ် အုပ်ချုပ်ရေးမှူးကလား၊ ပဲခူးတိုင်း အစိုးရကလား ဆိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုတာလို့ပြောလို့ရသလို ပဲခူးတိုင်း အစိုးရအဖွဲ့ကိုယ်စား ခွင့်မပြုတာပါလို့ ပြောလဲရတယ်တဲ့။”
ဗိုလ်ချုပ်ကြေးရုပ်မှာ ခွင့်မပြုရင် ပဲခူးမြို့လယ်က နာရီစင် ပန်းခြံမှာခွင့်ပြုပေးဖို့ ပြောကြားခဲ့ပေမယ့် ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်ကြားတယ်လို့ဆိုပါတယ်။
ပဲခူး မိုးလုံလေလုံ အားကစားကွင်းမှာ ခွင့်ပြုဖို့ ခွင့်တောင်းခဲ့ပေမယ့်လည်း အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရဖို့လိုကြောင်းနဲ့ ရွှေမောဓောက သီရိဟံသာခန်းမကို ခွင့်တောင်းရာမှာလည်း စည်ပင်ပိုင်ဖြစ်တဲ့အတွက် စည်ပင်ရဲ့ ခွင့်ပြုချက်ရပြီး အထက်ကို တင်ပြရမယ်လို့ အကြောင်းပြန်ဆိုပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဖုန်းဆက် မေးမြန်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရပါဘူး။