Home
မြန်မာသတင်း
စီးပွားရေးလုပ်ခွင့် ပယ်ဖျက်ထားသည့် ရန်ကုန်စည်ပင်သာယာရေး ဥပဒေကြမ်း အတည်ပြု
DVB
·
June 28, 2018
မြို့တော်စည်ပင်သာယာရဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခွင့်ကို လုံးဝပယ်ဖျက်ထားတဲ့  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဇွန်လ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းကို လွှတ်တော်အမတ်တွေ အပိုဒ်ချင်းအလိုက်ဆွေးနွေး အတည်ပြုခဲ့ပြီး နောက်ဆုံးမှာ ဥပဒေကြမ်းတရပ်လုံးကို အတည်ပြုနိုင်ခဲ့တာပါ။ ဥပဒေကြမ်းကို တင်သွင်းစဉ်က စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ပါဝင်ခဲ့ပေမယ့် တိုင်းဒေသကြီးလွှတ်တော်က ဥပဒေကြမ်းရဲ့ အခန်းတစ်ခန်းလုံးကို ပယ်ဖျက်ပြီး အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ပြောင်းလဲဖွဲ့စည်းမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ ဒုတိယမြို့တော်ဝန်တစ်ဦးကိုပါ ရွေးချယ်အင်အားဖြည့် သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မူလက ဌာန ၂ဝ ကျော်နဲ့ ဖွဲ့စည်းခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကိုအဖွဲ့ခုနစ်ဖွဲ့နဲ့ ပြောင်းလဲဖွဲ့စည်းဖို့ရှိပြီး ကော်မတီမှာ ပြည်သူရွေးချယ်တင်မြှောက်တဲ့ ကော်မတီဝင်တဦးက ဥက္ကဋ္ဌ တာဝန်ယူမှာ ဖြစ်သလို ပြင်ပပညာရှင် သုံးဦးကိုလည်း အဖွဲ့ဝင်အဖြစ် ခန့်အပ်ရမှာ ဖြစ်ပါတယ်။ စည်ပင်သာယာရွေးကောက်ပွဲ ကျင်းပရာမှာလည်း အရင်က အိမ်ထောင်စုတစုကို တစ်ယောက်သာ မဲပေးခဲ့ရပေမယ့် ဥပဒေသစ်အရ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးခွင့်ရမှာ ဖြစ်သလို အသက် ၂၅ နှစ်ပြည့်သူတိုင်း မည်သူ မဆို ကော်မတီ အဆင့်ဆင့်မှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခွင့် ရရှိမှာပါ။ ဒါ့အပြင် မြို့တော်စည်ပင်အနေနဲ့ လုံခြုံရေးနဲ့  စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေကိုလည်း သီးခြား လွတ်လပ်စွာ ဖွဲ့စည်းခွင့် ဥပဒေသစ်မှာ  ထည့်သွင်းပေးထားပါတယ်။ စည်ပင်သာယာဝန်ထမ်းတွေအနေနဲ့လည်း တာဝန်အလွဲသုံးစားပြုပါက နိုင်ငံ့ဝန်ထမ်း ဥပဒေအရရော တည်ဆဲဥပဒေအရပါ အရေးယူဖို့လည်း ပြဋ္ဌာန်းထားပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ထုတ်ပြန်နိုင်ဖို့အတွက် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဆက်လက် ပေးပို့သွားဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024