မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် မြန်မာတပြည်လုံးက လာလုပ်နိုင်

မန္တလေးမြို့မှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ မြန်မာ တပြည်လုံးက လာရောက် လျှောက်ထားရယူနိုင်တယ်လို့ သိရပါတယ်။ အထက်မြန်မာပြည် မြို့တော် မန္တလေးမြို့မှာ ဖွင့်လှစ်ထားတယ်ဆိုပေမယ့် ဘယ်ဒေသကပဲ လာလုပ်လုပ် လိုအပ်တဲ့ စာရွက်စာတမ်းပြည့်စုံရင် လုပ်ပေးနေတယ်လို့ ရုံးကိုသွားရောက် သတင်းရယူခဲ့တဲ့ မြို့ခံ သတင်းသမားတဦးက ပြောပါတယ်။ “အထက်မြန်မာပြည်အတွက် မန္တလေးရုံးခွဲလိုမျိုး မဟုတ်ဘူး။ တနိုင်ငံလုံးကသူတွေ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်ပါလို့ရှိရင် လုပ်ပေးတယ်။ လောလောဆယ် အခြေအနေ မေးခဲ့တာကတော့ ဘာညွှန်ကြားချက်မှ မရှိသေးဘူး။ နေရောဒေသခွဲခြားထားမှု မရှိသေးဘူး။ ဘယ်ဒေသက လာလုပ်လုပ် လုပ်လို့ရတယ်ပေါ့။” နိုင်ငံကူးလက်မှတ် စာအုပ် ထုတ်ယူရင်တော့ မန္တလေးမြို့ရုံးမှာပဲ လာရောက် ထုတ်ယူရမှာ ဖြစ်ပါတယ်။ ဇူလိုင် ၄ ရက်က စတင်ဖွင့်လှစ်ခဲ့တဲ့ မန္တလေးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ဇူလိုင် ၁၀ ရက်ထိ လာရောက် လျှောက်ထားသူပေါင်း ၉၀၀ လောက်ရှိပြီး လိုအပ်တဲ့ စာရွက်စာတမ်း အချက်အလက် အားလုံး ရန်ကုန်ရုံးမှာ လုပ်သလိုပဲ အပ်ပါတယ်။ မန္တလေးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲကို ၆၆ လမ်းနဲ့ ၆၈ လမ်းကြား၊ ၁၂ လမ်းမပေါ်မှာ မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားရှိပြီး၊ မန္တလေးမြို့ စည်ပင်သာယာ နယ်နမိတ်အတွင်း အသက် ၆၀ အထက်နဲ့ ကျန်းမာရေးချို့တဲ့သူတွေကို အိမ်တိုင်ရာရောက် လုပ်ဆောင်ပေးပါတယ်။ လတ်တလော ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပဲ နိုင်ငံကူးလက်မှတ် လုပ်ပေးနေတာဖြစ်ပြီး အရင်က ရန်ကုန်မြို့မှာ လုပ်ပေးခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up