Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
June 27, 2018
    ဒီတပတ်ရဲ့Movie Crazy - DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန် တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ Woman Walks Ahead ဆိုတဲ့ ရုပ်ရှင်ကားပါ။ ဒီကားကတော့ American Biographical Drama Movie အမျိုးအစားဖြစ်ပြီး British အမျိုးသမီးဒါရိုက်တာ Susanna White က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ ဒီကားဟာ ၁၉ ရာစုနောက်ခံကာလကို ပုံဖော်ထားတာဖြစ်ပြီး အဲဒီအချိန်ကာလက Portrait Painter အမျိုးသမီးတဦးဖြစ်တဲ့ Caroline Weldon အကြောင်းကို အခြေတည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူဟာ Swiss American အမျိုးသမီးတယောက်ဖြစ်ပြီး Sitting Bull လို့ ခေါ်တဲ့ Lakota လူမျိုးစုခေါင်းဆောင်ရဲ့ ပုံတူပန်းချီဆွဲဖို့ ခရီးထွက်ခဲ့တယ်။ အဲဒီအချိန်မှာ သူတို့ လူမျိုးစုတွေ နေထိုင်တဲ့ ဒေသတွင်းမှာ နယ်မြေပိုင်ဆိုင်မှုတွေ အငြင်းပွားနေတဲ့ အချိန် ဖြစ်နေတယ်။  ဒီပဋိပက္ခတွေထဲမှာ Caroline Weldon က ကူညီရင်းနဲ့ ဒီအရှုပ်အထွေးတွေကြားမှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဒရာမာပုံစံနဲ့ ရိုက်ကူးပုံဖော်ထား ခဲ့တာပါ။ Portrait Painter အမျိုးသမီး Caroline Weldon နေရာမှာတော့ Jessica Chastain က ပါဝင်သရုပ်ဆောင်ထားပြီး Lakota လူမျိုးစုခေါင်းဆောင် Sitting Bull နေရာမှာတော့ ကနေဒါမင်းသား Michael Greyeyes က ပါဝင်သရုပ်ဆောင်ထားကာ တခြား သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့  Sam Rockwell နဲ့ Chaske Spencer တို့ ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကို မနှစ်က Toronto International Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၅ သန်း အကုန်အကျခံ ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာ English နဲ့ Lakota လူမျိုးစုတွေရဲ့ ဘာသာစကားတွေ အသုံးပြုထားပြီး ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ ပါဝင်နေတာမို့ Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒုတိယတကား မိတ်ဆက်ပြောပြချင်တာကတော့ မထွက်ခင်ကတည်းက ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ‘ရာဇဝင်ရိုင်းခဲ့သည်’ ဆိုတဲ့ ရုပ်ရှင်ကားပါ။ ဒီကားကိုတော့ လူငယ်စာရေးဆရာမ ရွှေရေးထင်ထင်က ဇာတ်လမ်းဇာတ်ညွှန်း ကိုယ်တိုင်ခွဲပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။ အချစ်ဇာတ်လမ်းတခုဖြစ်တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အချစ်ကို တပ်မက်မောတဲ့ ကောင်လေးတယောက်ရဲ့ ဘဝထဲကို ဝင်ရောက်လာတဲ့ လူတွေကြောင့် ပြောင်းလဲသွားရတဲ့ အကြောင်းတွေကို ပုံဖော်ထားခဲ့တာပါ။ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ နာမည်ကြီး သရုပ်ဆောင် ဇေရဲထက်ကတော့ ဒီကားထဲမှာ ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံဆရာ ရာဇဝင်အနေနဲ့ ပါဝင်ထားပြီး မိုက်ရူးရဲဆန်တဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားခဲ့တာပါ။ သူ့ရဲ့ ဘဝထဲကို ဝင်ရောက်လာသူတွေက ဘယ်သူတွေများ ဖြစ်မလ ခင်ဇာခြည်ကျော်ကတော့ ချမ်းသာကြွယ်ဝတဲ့ သမီးတယောက်မိခင် ဒေါ်လှအုန်းမယ် ဆိုတဲ့ နေရာမှာ ပါဝင်ထားပြီး သူ့ဘဝရဲ့ အထီးကျန်နေ့ရက်တွေကို ဖြေဖျောက်ဖို့ စိတ်ထွက်ပေါက်ရှာချိန်မှာ ရာဇဝင်နဲ့တွေ့ပြီး ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ဒီကားထဲမှာ နောက်ထပ် ပါဝင်လာသူကတော့ အနုပညာအလုပ်တွေနဲ့ အချိန်အ ကြာကြီး ကင်းကွာနေခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ဇင်ဇင်ဇော်မြင့်ဖြစ်ပြီး ခင်နန်းစံ ဆိုတဲ့ အလှဘုရင်မတဦး နေရာမှာ ပါဝင်သရုပ်ဆောင်ထားတာပါ။ မျက်နှာသစ်သရုပ်ဆောင် အောင်လေးကတော့ ဒီကားထဲမှာ တက်သစ်စမော်ဒယ် ထက်နိုင်အနေနဲ့ ပါဝင်ထားပြီး Aခွန်းပန်ကတော့ ဆယ်ကျော်သက် ကောင်မလေး ခက် နေရာမှာ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ လတ်တလောမှာတော့ လူပြောများနေပြီး လာမယ့် ဇူလိုင်လ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် Trailer ဟာ အွန်လိုင်းပေါ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေပြီး ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၉ သိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Sci-Fi ရုပ်ရှင်ကြိုက် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားတကား ဖြစ်ပါတယ်။ Hover လို့ အမည် ရပါတယ်။ Syfy Films ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒါ ရိုက်တာ Matt Osterman က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ သရုပ်ဆောင် မင်းသမီး Cleopatra Coleman က သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်လည်း အဓိကသရုပ်ဆောင်တဦးအနေနဲ့ ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။ မကြာတော့မယ့် အနာဂတ်ကာလကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာ တော့  သဘာ၀၀န်းကျင်ဆိုင်ရာ ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးမှာ မိုးခေါင်ရေရှားမှုတွေ ဖြစ်လာပြီး အစာရေစာရှားပါးပြတ်လပ်မှုတွေ ကြုံတွေ့ရတော့မယ်။ အဲဒီကာလမှာ ကျန်ရှိနေသေးတဲ့ မြေဧရိယာပေါ်က စိုက်ပျိုးမြေတွေကို  အသုံးပြုလို့ ရအောင် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ဒရုန်းယာဉ်တွေ အသုံးပြုပြီး တိုးချဲ့နိုင်ဖို့ လုပ် ဆောင်နေကြရတယ်။ Claudia နဲ့ John တို့က ဒီအခြေအနေမှာ လူတွေကို အကူအညီပေးနေကြတဲ့ သူ ၂ ယောက်ဖြစ်ပြီး တရက်မှာတော့ John ဟာ ထူးဆန်းတဲ့ အခြေအနေတခုနဲ့  သေဆုံးသွားခဲ့တယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ သူတို့ အသုံးပြုနေတဲ့ ဒရုန်းယာဉ်အသုံးပြု စိုက်ပျိုးရေးနည်းပညာနဲ့ ဒီသေဆုံးရမှုဟာ ပတ်သက်နေသလား။ Claudia ဟာ ဒီအဖြေကို သိရအောင် ဖော်ထုတ်ဖို့ ကြိုးစားချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ Claudia နဲ့ John အဖြစ် သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Cleopatra Coleman နဲ့ Craig muMs Grant တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာပါ။ ကြာမြင့်ချိန် ၈၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ ၀ါရင့်သရုပ်ဆောင်တွေ အများကြီးနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ပင်လယ်ကြီးက ဘာပြောလဲဆိုတဲ့ မြန်မာဟာသ ဇာတ်မြူးရုပ်ရှင်ကားပါ။     ဒီကားကိုတော့ ရာမညရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ အောင်သြဘာက ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကတော့ ဇော်မြင့်ဦးဖြစ်ပြီး ကမ်းခြေဟိုတယ်က ၀န်ထမ်းတွေရဲ့ အလွဲတွေနဲ့ ဧည့်သည်တွေကြားက လူမှုရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး အရှုပ်တော်ပုံတွေကြားက အခြေအနေတွေကို ဟာသဆန်ဆန် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါ တယ်။ ဒီကားထဲမှာ ပင်လယ်ကမ်းခြေ အလှအပတွေနဲ့ ဟာသဆန်ဆန် ရိုက်ချက်တွေကြားမှာ ဘယ်လိုပျော်ရွှင်မှုတွေ ပေးမလဲဆိုတာကို ခံစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ၀ါရင့် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဖြိုးငွေစိုး၊ စိုးမြတ်သူဇာ၊ အိချောပို၊ သန္တာဗိုလ်၊ ရတနာဗိုလ် တို့နဲ့အတူ တခြားဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ပြင် သစ် ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ Custody ဖြစ်ပါတယ်။ ဒီကားကိုတော့ ပြင်သစ်ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူနဲ့ ဒါရိုက်တာဖြစ်တဲ့ Xavier Legrand က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ မိဘတွေရဲ့ အိမ်ထောင်ရေး အကွဲအပြဲကြား ရှုပ်ထွေးတဲ့ ပြဿနာတွေကြားမှာ လူမမည်သားဖြစ်သူကို အုပ်ထိန်းခွင့်နဲ့ ပတ်သက်ပြီး ကြုံတွေ့ရတဲ့ အခြေအနေတွေကို  ဒရာမာပုံစံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Miriam နဲ့ Antoine တို့ဟာ အိမ်ထောင်ကွာရှင်းလိုက်ကြချိန်မှာ သားဖြစ်တဲ့ Julien က ၁၁ နှစ်အရွယ်ရှိနေပြီ။ အိမ်ထောင်ကွဲပြီးတော့ သူဟာ မိခင်၊ အစ်မတို့နဲ့အ တူ ကျန်နေခဲ့တယ်။ သူ့ရဲ့ အုပ်ထိန်းခွင့်ကို မိခင်ရော၊ ဖခင်ကပါ တရားရုံးမှာ တောင်း ဆိုလာကြချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ မိခင်ဖြစ်တဲ့ Miriam ကတော့ ဖခင်ဖြစ်သူဟာ ကြမ်းတမ်းရက်စက်လွန်းတာမို့ သားဖြစ်သူကို ကာကွယ်နိုင်ခွင့်အတွက် တောင်းဆိုတယ်။ ဒါပေမယ့် ဖခင်ဖြစ်တဲ့ Antoine ကတော့ သူ့ကို အဖက်မတန်သလို လက်စားချေချင်တဲ့ မိခင်ဖြစ်သူကြောင့်လို့ ပြောတယ်။ ဘယ်သူကတော့ အမှန်တရားကို ပြောနေတယ်ဆိုတာ မသိနိုင်ပဲ မိဘတွေ ကြား ပဋိပက္ခတွေ ပြင်းထန်လာချိန်မှာ ဓားစာခံဖြစ်ရတဲ့ သားဖြစ်သူရဲ့ အခြေအနေတွေ ကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာ သရုပ်ဆောင်မင်းသမီး Léa Drucker  နဲ့ မင်းသား Denis Ménochet တို့က အတွဲညီညီ သရုပ်ဆောင်ထားပြီး သားဖြစ်သူ နေရာမှာတော့ ကလေးသရုပ်ဆောင် Thomas Gioria က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒီကားဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ၇၄ ကြိမ်မြောက် Venice International Film Festival မှာ ပြသခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဆုတွေ ရရှိထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
Movie Crazy - DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။
ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉:၃၀ နာရီစနေနေ့ နေ့လယ် ၁၂:၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉:၁၅ နာရီ တို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy - DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024