Home
ဆောင်းပါး
မြန်မာ IDOL စံနှုန်းပြည့်စေချင်
DVB
·
June 27, 2018
မြန်မာ Idol က မြန်မာနိုင်ငံ ပရိသတ်တွေထဲကို ပွက်လောရိုက်ပြီး ရောက်ရှိလာတာ အခုတကြိမ်နဲ့ပါဆို ၃ ကြိမ်မြောက် ဖြစ်ပါပြီ။ ပြီးခဲ့တဲ့ Season 2 မှာ အမှတ်မထင် ပွဲစည်စေတဲ့ စကားတလုံးကတော့ “မောင်ကျော်ထက်အောင်ရေ..”  ဆိုတဲ့ ခေါ်သံပါ။ ပြိုင်ပွဲဝင် အမျိုးသမီးအဆိုရှင်တွေ သီဆိုပြီးတိုင်း ကြားရတဲ့ ခေါ်သံပါ။ သီဆိုသူ အမျိုးသမီးနဲ့ အစီအစဉ် တင်ဆက်သူ ကျော်ထက်အောင်ကို မထိတထိလေး စနောက်တဲ့ ပုံစံလေးပါ။ အဲဒီခေါ်သံကြားရင် တင်ဆက်သူ ကျော်ထက်အောင်ကလည်း “ဗျာ” လို့ ထူးလိုက်ရင်ပဲ ပရိသတ်ဆီက အလိုက်သိတဲ့ ရယ်သံလေးတွေ အုံကြွပြီး ထွက်လာတတ်ပါတယ်။ အဲဒီတုန်းကတော့ “မောင်ကျော်ထက်အောင်ရေ” ဆိုတဲ့ ခေါ်သံနဲ့တင် အဆုံးသတ်ခဲ့လို့ ဆွေးနွေးစရာအဆင့်ထိ မရောက်ခဲ့ပါဘူး။ ဒါပေမယ့် ဒီတခေါက် Season 3 ကတော့ ဒိုင်လူကြီးတွေရဲ့ ပွဲရွှင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စနောက်မှုတွေက အတိုင်းထက်အလွန်လို့ ပြောရလောက်အောင် စည်းတွေကျော်နေတယ်လို့ သုံးသပ်မိပါတယ်။ “ခေါ်သွားမယ်” ဆိုတဲ့စကားဟာ ပြီးခဲ့တဲ့အပတ် ဆန်ခါတင် ၁၀ ဦးပြိုင်တဲ့ အစီအစဉ်တခုလုံးမှာ ပွဲစည်စေတဲ့ စကားတခွန်းပါပဲ။ “ဆရာမျိုးကျော့မြိုင်က သူ ဘာပြောလေ့ရှိလဲဆိုရင် မိန်းကလေးတွေ သီချင်းဆိုရင် သူ ကြိုက်ပြီဆိုလို့ရှိရင်လေ.. ခေါ်သွားမယ်.. ခေါ်သွားမယ်.. ဘယ်ခေါ်သွားမှာလဲ မသိဘူး” လို့ အမျိုးသမီး အဆိုရှင်တဦး ပြိုင်ပွဲဝင်သီချင်း သီဆိုပြီးချိန်မှာ ဒိုင်လူကြီးဖြစ်သူ မြန်မာပြည်သိန်းတန်က အစချီ စနောက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအကြား စပြီး ပွဲကျခဲ့ရပါတယ်။ နောက်ထပ် အမျိုးသမီးအဆိုရှင်တဦး  သီဆိုပြီးတဲ့အချိန် ဒိုင်တွေရဲ့ မှတ်ချက်ကို စောင့်ဆိုင်းချိန်မှာတော့ “သီချင်းဆိုတာ ကောင်းပါတယ်။ ကျနော်တောင် ငယ်ငယ်တုန်းက ရည်းစားကို သွားသတိရတယ်” လို့ ဒိုင်ဖြစ်သူ အဆိုတော်မျိုးကျော့မြိုင်က မှတ်ချက်ပေးတာနဲ့ တပြိုင်တည်း “ခေါ်သွားမယ်ပေါ့” ဆိုတဲ့ တန်ပြန် စနောက်လိုက်တဲ့ မြန်မာပြည်သိန်းတန်ရဲ့ စကားအဆုံးမှာ ခန်းမတခုလုံး နှလုံးရွှင်ဆေး ရသွားပြန်ပါတယ်။ အပြောခံရတဲ့ အဆိုရှင် အမျိုးသမီးတချို့ကလည်း အလိုက်သင့် လိုက်ရယ်ကြသလို အချို့ကတော့ ရှက်ပြီး ရယ်တဲ့ အမူအရာတွေကိုလည်း တွေ့ရပါတယ်။ အဲဒီလိုနဲ့ ပြိုင်ပွဲဝင် အမျိုးသမီးအဆိုရှင်တွေ အလှည့်ရောက်တိုင်း တကျော့ပြန် အသက်ပြန်ပြန်ဝင်လာတဲ့ စကားကတော့ “ဆရာမျိုးကျော့မြိုင်က ခေါ်သွားပါမယ်” “ခေါ်သွားမယ်ပေါ့” ဆိုတဲ့ စနောက်သံတွေနဲ့အတူ ထပ်တူထွက်လာတဲ့ ပရိသတ်တွေရဲ့ ရယ်သံတွေပါပဲ။ အထူးသဖြင့် ငယ်ငယ်ချောချောလေးတွေ အလှည့်ကျရင် ပိုပေါ်လွင်တတ်ပါတယ်။ အဲဒီအချိန်မှာတော့ ဦးတည်ပြောခံရတဲ့ အဆိုရှင်အမျိုးသမီးဟာ မီးမောင်းထိုးထားတဲ့ စင်ထက်မှာ ထီးထီးမားမားကြီး ရပ်လျက်ရှိနေတာကို ဘယ်သူမှ သတိထားမိမယ် မထင်ပါဘူး။ “အိမ်ကို ခေါ်သွားမယ်” ဆိုတဲ့ အဓိပ္ပာယ်က သာမန်စကား မဟုတ်ပါဘူး။ အိမ်ခေါ်လည်တာကလည်း သာမန်အတွေးနဲ့ဆိုရင် ရယ်စရာ ဟာသတခုလည်း မဟုတ်ပါဘူး။ ဒါဟာ ဖို မ သဘောဆန်ဆန် ပြောတဲ့စကားဆိုတာ ရှင်းနေပါတယ်။ အမျိုးသားအဆိုတော်တယောက် အလှည့်မှာလည်း “ခေါ်သွားမယ်တဲ့။ သူ့ရဲ့အိမ်ကို ခေါ်သွားမယ်” လို့ မြန်မာပြည်သိန်းတန်က စနောက်လိုက်တဲ့အခါမှာ “ကျနော်က ယောက်ျားလေး မခေါ်ဘူး၊ ယောက်ျားလေးဆိုတာ မိန်းကလေးကိုပဲ စိတ်ဝင်စားပါတယ်” ဆိုပြီး အဆိုတော်မျိုးကျော့မြိုင်က တုံ့ပြန်ပြောဆိုလိုက်တာဟာ သူတို့ စနောက်နေကြတဲ့ “ခေါ်သွားမယ်” ဆိုတဲ့ အနက်အဓိပ္ပာယ်ကို ပိုမိုပေါ်လွင်စေတဲ့အပြင် တချိန်တည်းမှာ လိင်တူချစ်သူတွေကို ပုံမှန်လူတွေ မဟုတ်ဘူးဆိုတဲ့ အမြင်နဲ့ ကျား၊ မ ဆိုင်ရာ ခွဲခြားဆက်ဆံမှုကိုပါ တခါတည်း လုပ်ဆောင်ခဲ့တာပါ။ တကယ်တမ်းကျတော့လည်း ဒီ “ခေါ်သွားမယ်” ဆိုတဲ့ အပြောတခုတည်း မဟုတ်ပါဘူး။ “ကျော်ထက်အောင်.. သဘောကျလား” “မောင်ကျော်ထက်အောင်ရေ.. လိုက်တယ်လို့”၊ “ကျော်ထက်အောင် ကြိုက်လား” စတဲ့ အဆိုရှင် အမျိုးသမီးကို ဘေးမှာထားပြီး စနောက်နေကြတာတွေကတော့ Season 2 ကတည်းကနေ အခုချိန်ထိ လက်သုံးစကားတွေ ဖြစ်တုန်းပါ။ ဒါတွေကို ရှိနေတဲ့ ဒိုင် ၄ ယောက်လုံးက မြိန်မြိန်ရှက်ရှက် ပြောနေကြတဲ့အပေါ် ကြည့်ရှုအားပေးနေသူ အများစုကလည်း အားရပါးရ ဟာသမြောက်နေခဲ့ကြတာပါ။ အစီအစဉ်တင်ဆက်သူတွေနဲ့ ဒိုင်ဖြစ်သူတွေဟာ Myanmar Idol အစီအစဉ်လေးမှာ သီဆိုမှုတခု လုပ်ပြီးတိုင်း အချိတ်အဆက်မိမိ၊ ပျော်ပျော်ပါးပါးနဲ့ အစီအစဉ်တခုလုံး အသက်ဝင်စေဖို့ ပွဲထိန်းရတဲ့ အနေအထားတွေ ရှိတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီအစီအစဉ် သက်ဝင်လှုပ်ရှားဖို့အတွက် အဆိုရှင် အမျိုးသမီးငယ် (သို့မဟုတ်) အမျိုးသားငယ်ကို စင်လယ်မှာထားပြီး သူ့ကို ကာယိနြေ္ဒထိခိုက်စေတဲ့ အပြောအဆို အပြုအမူတွေ၊ ကျား၊ မ အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ခန်းမတခုလုံးကို ဟဒယရွှင်ဆေး တိုက်ကျွေးနေတာဟာ အကျည်းတန်လွန်းလှတယ်လို့ မြင်ပါတယ်။ ဒီအကျည်းတန်မှုတွေကို ဟာသလုပ် ရယ်နိုင်တဲ့ မြန်မာ့လူ့အဖွဲ့အစည်းက ပရိသတ်အများစုကို တွေ့နေရတာဟာလည်း လူ့အခွင့်အရေးရဲ့ ဆုတ်ကပ်တခုလို့ မြင်မိပါတယ်။ Myanmar Idol ဆိုတာ နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ အစီအစဉ်တခုကို ပုံစံတူယူပြီး မြန်မာပြည်မှာ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတကာရဲ့ နာမည်ကြီး အစီအစဉ်တခုကို မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုထဲ ဆွဲယူလာတဲ့အခါမှာ နိုင်ငံတကာက လက်ခံကျင့်သုံးတဲ့ ယဉ်ကျေးတဲ့ စံတန်ဖိုးတွေကိုလည်း တပါတည်း ဆွဲယူလေ့ကျင့်နိုင်ဖို့ လိုအပ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ ကာယိနြေ္ဒပျက်အောင် ထိပါးနှောင့်ယှက်မှုနဲ့ ကျား၊ မ ခွဲခြားဆက်ဆံမှုတွေဆိုတာ နိုင်ငံတကာသာမက မြန်မာနိုင်ငံမှာလည်း ဥပဒေအရကို တားမြစ်ထားတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီအရာတွေကိုတောင် မြန်မာ Idol က ဥပေက္ခာပြုပြီး ဟာသလုပ် ရယ်နေနိုင်ကြတာဟာ လူ့အခွင့်အရေးနဲ့ လူ့ကျင့်ဝတ်စည်းဘောင်ကို ပွန်းပဲ့ထိခိုက်စေတယ်ဆိုတာ သတိပြုမိသင့်ပါတယ်။ တဖန် မီဒီယာဆိုတာ လူ့အဖွဲ့အစည်းကို ပညာပေးတဲ့နေရာမှာ ထိရောက်လှတဲ့ ပစ်မှတ်တခုဖြစ်သလို အသုံးမှားရင် လူ့အဖွဲ့အစည်းကို အချိန်တိုအတွင်းမှာ အဆိပ်ခတ်နိုင်တဲ့ လက်နက်တခုလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေကိုပဲ ပစ်မှတ်ထားပြုလုပ်တဲ့ ပန်းကန်ဆေးရည်ကြော်ငြာဟာ ကလေးငယ်တွေ၊ လူငယ်တွေ အနေနဲ့ လေ့လာသင့်ယူဖို့ မသင့်တဲ့ တီဗွီကြော်ငြာဖြစ်ကြောင်း၊ အင်္ဂလန်မင်းသား ဟယ်ရီရဲ့ ကြင်ရာတော်ဖြစ်တဲ့ မီဂန်မာကယ်က အသက် ၁၁ နှစ်အရွယ်မှာ သက်ဆိုင်ရာ စီးပွားရေးသမားတွေနဲ့ အစိုးရ တာဝန်ရှိသူတွေကို စာရေးသား ပေးပို့ရာကနေ အပြောင်းအလဲတခု ဖန်တီးနိုင်ခဲ့တဲ့ သာဓကတခု ရှိခဲ့ပါတယ်။ Myanmar Idol ဟာ ကြော်ငြာအဆင့် အစီအစဉ်တခု မဟုတ်ပါဘူး။ ပရိသတ်တွေရဲ့ အိုင်ဒေါတွေကို ရွေးချယ်တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။ ဒီလိုအစီအစဉ်တခုမှာ ကြည့်နေကြတဲ့ အသက်အရွယ် အမျိုးမျိုးသော သန်းပေါင်းများစွာ ပရိသတ်တွေ ရှိနေပါတယ်။ ဒီလိုနေရာတခုကနေ “အမျိုးသမီးတွေကို အခုလို လိင်ပိုင်းဆိုင်ရာအရ၊ ဖို မ သဘာဝအရ နောက်ပြောင်နေတာဟာ ဟာသဖြစ်တယ်၊ ပျော်ရွှင်စရာဖြစ်တယ်၊ ရီ(ရယ်) ရတယ်” ဆိုတဲ့အသိကို ပေးနေတာဟာ လက်ရှိ လူ့အဖွဲ့အစည်းတခုလုံးကိုသာမက နောက်ထပ် ရှင်သန်လာမယ့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းတခုကိုပါ ကြိုပြီး အဆိပ်မှုန့် ဖြူးပေးနေသလို ဖြစ်စေတာ အမှန်ပါ။ ပုံမှန်သီချင်းသီဆိုပြိုင်ပွဲဝင်တဲ့ အမျိုးသမီးငယ်တဦးကိုတောင် ချောလှနေရင်၊ အသံဆွဲဆောင်မှု ရှိနေရင် အခုလို ဖို မ သဘာဝ စလို့ နောက်လို့ ရတယ်ဆိုတဲ့ အသိဟာ ပြင်ပနယ်ပယ်မှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထားပြီး နှောင့်ယှက်တာက စလို့ ကိုယ်ထိလက်ရောက် ကျူးလွန်လို့ ရတယ်ဆိုတဲ့ အယူအဆကို အမြစ်တွယ်စေပါတယ်။ ဥပမာ– မြန်မာ Idol Season 3 ရဲ့ ၁၀ ဦး ဆန်ခါတင်ပြိုင်ပွဲမှာ အမျိုးသမီးငယ်တဦးရဲ့ ခပ်မိုက်မိုက် သီဆိုပြိုင်ပွဲဝင်အပြီးမှာ “အန်ကယ်ပြောတာ ဟုတ်ပါတယ်.. အိမ်ခေါ်သွားမယ်.. ခေါ်သွားမယ်ဆိုတာ.. ကိုမျိုးကျော့တော့ မသိဘူး။ ကျမတောင် ကြွေဆင်းသွားတယ်” လို့ ဒိုင်တဦးဖြစ်တဲ့ နာမည်ကြီးအဆိုတော် တင်ဇာမော်က မှတ်ချက်ပေးခဲ့ပါတယ်။ ဒါဟာ အမျိုးသမီးတွေ စတိုင်မိုက်ရင်၊ ဖက်ရှင်ကျရင် အမျိုးသားတွေက နှုတ်နဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးတာ၊ နှောင့်ယှက်တာဟာ အပြစ်မဟုတ်ဘူး၊ သမားရိုးကျ၊ လုပ်ရိုးလုပ်စဉ်ပါလို့ ထောက်ခံနေသယောင်ပါ။ ဒါကြောင့်လည်း ပြင်ပလောကမှာ “နင် အဲဒီလိုဝတ်စားရင် နင့်ကို ချသွားမှာတို့၊ သူများလုပ်တာတောင် နည်းသေးတယ်တို့၊ အနေအထိုင်မှ မတတ်တာ၊ အလုပ်ခံရမှာပေါ့တို့..” စတဲ့ victim blaming (ကျူးလွန်ခံရသူကို အပြစ်တင်တဲ့ အပြုအမူ အပြောအဆို) တွေ တွင်တွင်ကျယ်ကျယ် ခေတ်စားလာတာ မဆန်းဘူးလို့ သုံးသပ်ရပါမယ်။ ဒီနေရာမှာ မြန်မာ Idol က ဒိုင်တွေဟာ အဆိုရှင် အမျိုးသမီးတွေကို တကယ်ပဲ ကာယိနြေ္ဒ ပျက်စီးစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်လုပ်ဆောင်နေကြတယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ပျော်ရွှင်ရုံသက်သက် ရည်ရွယ်တယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်။ ဟာသမြောက်နေတဲ့ ပရိသတ်တွေကလည်း အလိုတူ အလိုပါလို့ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သမားရိုးကျ လက်ခံထားတဲ့ အသေးအမွှားလို့ ထင်နေတတ်တဲ့ ဒီလိုအပြုအမူ၊ အပြောအဆိုတွေရဲ့ ဆိုးကျိုးသက်ရောက်မှုဟာ ဘယ်လောက်ကြီးသလဲ ဆိုတာ ထောက်ပြ ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ ဟာသလုပ်စရာတခုလို့ လူ့အသိုင်းအဝိုင်းက အရိုးစွဲနေတဲ့ ဒီလို အလေ့အထတွေဟာ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းတခု တည်ဆောက်ရာမှာ ဘယ်လောက် သက်ရောက်မှုကြီးတယ် ဆိုတာကို ပေါ်လွင်စေလိုခြင်းသာ ဖြစ်ပါတယ်။ Idol တွေကို မွေးထုတ်ပေးတဲ့ မြန်မာ Idol အနေနဲ့ ပြိုင်ပွဲဝင်နေတဲ့သူတွေကို သီဆိုဖျော်ဖြေမှုပညာ တိုးတက်စေဖို့သာမက ကျင့်ဝတ်ပိုင်းဆိုင်ရာအရပါ လေးစား အတုယူနိုင်တဲ့နေရာဖြစ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် Myanmar Idol ကို ဦးဆောင် မောင်းနှင်သူတွေ ကိုယ်တိုင်က ကျင့်ဝတ်နဲ့မညီတဲ့ အပြုအမူ အပြောအဆိုတွေကို လုပ်ဆောင်ပြီး တနိုင်ငံလုံးက ပရိသတ်တွေကို အဆိပ်ရည် မတိုက်ကျွေးမိဖို့က ပိုလို့ တာဝန်ကြီးတယ်လို့ မြင်ပါတယ်။ “ကျီစားသန်က ရန်များ၏” ဆိုတဲ့အတိုင်း ပျော်ရွှင်ပါစေ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပေမယ့် မရည်ရွယ်ဘဲ အဆိပ်အတောက်ဖြစ်ခဲ့တဲ့ သာဓကကို သတိမူပြီး အခြေခံလူ့ကျင့်ဝတ်တွေကို စည်းမကျော်ဘဲ ကြည့်ရှုသူ ပရိသတ်နဲ့ ပြိုင်ပွဲဝင်တွေကို ဟဒယရွှင်ဆေး တိုက်ကျွေးနိုင်ဖို့ကို Myanmar Idol က ဒိုင်တွေအနေနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း..။ မယ်လွန်း (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024