Home
ရုပျသံ
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိမလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
June 27, 2018
ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ကျရင် မြန်မာနိုင်ငံ နေရာ ၁၃ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ဖို့ ရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိမလား၊ အားလုံးပါဝင်နိုင်ခြင်း ရှိမလားဆိုတာ ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ Yangon Watch က ဒေါက်တာညိုညိုသင်းနဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီက ဦးရဲနိုင်အောင် (စာရေးဆရာ ကိုဝ) တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာမကိုပဲ စမေးပါမယ်။ လက်ရှိအခြေအနေအထိ လာမယ့် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် လူစာရင်းတွေကို ဇူလိုင် ၁ ရက်နေ့ကနေ ဇူလိုင် ၁၃ ရက်နေ့ နောက်ဆုံး တင်ခိုင်းနေပြီပေါ့။ ဒီနေ့ ဆွေးနွေးချင်တာကတော့ ဆရာမ မြင်သလောက်၊ သိသလောက်ပေါ့။ ဆရာမရဲ့ Yangon Watch ကလည်း ဒီရွေးကောက်ပွဲကို စောင့်ကြည့်နေတယ်။ လွတ်လပ်မှုနဲ့ မျှတမှု ဘယ်လောက်ရှိမလဲ။ မြန်မာပြည်မှာ ရွေးကောက်ပွဲက အတွေ့အကြုံ နုတဲ့အချိန်မှာ အမြဲတမ်း ပြဿနာဖြစ်တယ်။ မဲစာရင်းတွေကိစ္စမျိုးပေါ့။ ဘာတွေဖြစ်နေလဲ ဆရာမ စပြီး ဆွေးနွေးပေးပါဦး။” ဒေါက်တာညိုညိုသင်း (Yangon Watch) “ရွေးကောက်ပွဲကော်မရှင်ကတော့ ဘယ်ကော်မရှင်မဆို အတတ်နိုင်ဆုံး Free and Fair ဖြစ်ဖို့ သူတို့ရဲ့ Capacity ရှိသလောက် ကြိုးစားကြတာပဲပေါ့။ ဒါပေမယ့် ကျမတို့နိုင်ငံ ဖြစ်နေတဲ့ ပြဿနာက ဘယ်ခေတ်မဆို အနိုင်ရတဲ့ပါတီက ရွေးကောက်ပွဲကော်မရှင်တွေပေါ်မှာ သြဇာလွှမ်းမိုးတယ်။ အဲဒီတော့ ခေတ်အဆက်ဆက် ကြည့်လိုက်ရင် ရွေးကောက်ပွဲကော်မရှင်တွေက လွတ်လပ်သင့်သလောက် မလွတ်လပ်ဘူး။ အမြဲတမ်းပဲ အနိုင်ရပါတီရဲ့ သြဇာလွှမ်းမိုးမှုကို ခံရတဲ့အခါမှာ ရွေးကောက်ပွဲကော်မရှင်တွေရဲ့ ဘယ်လောက်လွတ်လပ်သလဲဆိုတဲ့ ကိစ္စက မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့။ အဲဒီ Political Culture ကို ဒီနေ့အထိ နိုင်ငံမှာ ပြောင်းလဲလို့ မရသေးဘူး။ အနိုင်ရတဲ့ပါတီက ကော်မရှင်အဆင့်ဆင့်ကို ဖွဲ့စည်းတဲ့အခါမှာ  အနိုင်ရတဲ့ပါတီနဲ့ နီးစပ်တဲ့သူတွေ၊ အနိုင်ရပါတီရဲ့ ကိုယ်စားလှယ်တွေကပဲ ဒီကော်မရှင်တွေကို လွှမ်းမိုးတာ တွေရတယ်။ အထူးသဖြင့် တိုင်း၊ ဒေသကြီးတချို့ ပြည်နယ်တချို့ဆို တော်တော်ဆိုးတယ်။ ၁၀၀ ရာခိုင်နှုန်း ပါတီရဲ့ လူတွေကပဲ ကော်မရှင်ကို လွှမ်းမိုးထားတဲ့အခါမှာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဘယ်လောက်အထိ လွတ်လပ်ပြီး မျှတမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတာပေါ့။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ပြည်သူ့ပါတီဖြစ်မြောက်ရေးမှာလည်း ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ဆရာ ကိုဝ အနေနဲ့ နောက်ဆုံးအခြေအနေပေါ့။ ဆရာတို့ရဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု နောက်ဆုံးအခြေအနေ၊ ဆရာတို့ပါတီအနေနဲ့ ရပ်တည်မှု။ အဲဒါတွေနဲ့ ဆက်နွှယ်ပြီးတော့ အဓိကခေါင်းစဉ်ဖြစ်တဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ Free and Fair ဖြစ်မလားဆိုတာ ဆရာ့အနေနဲ့ ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ဦးရဲနိုင်အောင် (နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီ) “နံပါတ်တစ်အချက်ကတော့ ပါတီအနေနဲ့ ဖြစ်မြောက်မှုကို ပြောရင် ကျနော်တို့ပါတီက နိုင်ငံရေးပါတီတရပ်အနေဲ့ မှတ်ပုံတင်ဖို့အတွက် ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ခဲ့တယ်။ အခုဆိုရင် ၆ လရှိသွားပြီ။ ကျနော်တို့တိုင်းပြည်မှာ နိုင်ငံရေးပါတီတရပ် မှတ်ပုံတင်ဖို့၊ ဒီမိုကရေစီစနစ် အုတ်မြစ်ချနိုင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံမှာ နိုင်ငံရေးပါတီသစ်တရပ် မှတ်ပုံတင်ဖို့ ၆ လကြာတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ကျနော့်အနေနဲ့ ထင်တယ်။ အခုလက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရကလည်း နှစ်ပေါင်း ၅၀ အတွင်း ပြည်သူလူထုရဲ့ တခဲနက် မဲနဲ့ ရွေးချယ်လိုက်တဲ့ အစိုးရတရပ်ရဲ့ လက်ထက်မှာ ဒီလိုကြန့်ကြာမှုတွေ ဖြစ်နေတာကတော့ မူအားဖြင့် မဖြစ်သင့်ဘူးလို့ ပြောချင်တယ်။ ကျနော်တို့ပါတီ ရင်ဆိုင်ရတဲ့ အခက်အခဲပေါ်မှာ မူတည်ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကျနော့်ရဲ့ ယေဘုယျအမြင်ကို ပြောချင်ပါတယ်။ အခက်အခဲက ဘာလဲဆိုရင် ကျနော်တို့ ရှစ်လေးလုံးပါတီရဲ့ ရှစ်လေးလုံးဆိုတဲ့ အမည်နဲ့ပတ်သက်လို့ ထောက်ခံတဲ့သူလည်း ရှိတယ်၊ ကန့်ကွက်တဲ့သူလည်း ရှိတယ်။ သို့သော် ကန့်ကွက်တဲ့လူတွေချည်းပဲ ရှိတာ မဟုတ်ဘူး။ ထောက်ခံတဲ့လူတွေလည်း အင်နဲ့ အားနဲ့ ရှိနေတယ်ဆိုတာကို ကျနော်တို့ပါတီက တိုင်း ၆ တိုင်း၊ ပြည်နယ် ၂ ခုမှာ ဖွဲ့စည်းပြီး ဖြစ်တဲ့အတွက် ကျနော်တို့ ဒီနာမည်အပေါ်မှာ တာဝန်ယူမှုရှိရှိ၊ တာဝန်ခံမှုအပြည့်နဲ့ လုပ်နေတယ်ဆိုတာကို ယုံကြည်ပြီး ထောက်ခံသူတွေ အများကြီး ရှိတယ်။ ဒီနာမည်သည် သဘောတူနိုင်တယ်၊ သဘောကွဲနိုင်တယ်။ သို့သော် ဒီနာမည်ကြောင့် ကျနော်တို့ပါတီကို မှတ်ပုံတင်ဖို့ ခွင့်မပြုဘူးဆိုတာတော့ မဖြစ်သင့်ဘူး။ ဒါကတော့ ကျနော် သာမန်စဉ်းစားပုံနဲ့ ပြောတာ။ ဥပဒေအရ ပြောတယ်ဆိုရင်လည်းပဲ ကျနော်တို့ပါတီကို နိုင်ငံရေးပါတီတရပ်အဖြစ် ထူထောင်ခွင့်ပြုပြီး ဖြစ်တဲ့အတွက် လက်ရှိအဆင့်မှာ ကော်မရှင်အနေနဲ့ ငြင်းပယ်မယ်ဆိုရင် ဥပဒေကြောင်းအရ  နှစ်ခုပဲ ငြင်းလို့ရတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ ဥပဒေ ၈(ဃ) အရ ဆိုရင် ဘာသာ၊ သာသနာနဲ့ ဆက်နွှယ်တယ် တချက်ပေါ့။ ဒို့တာဝန်အရေး ၃ ပါးနဲ့ ထိပါးတယ်ဆိုတာနဲ့ ငြင်းပယ်လို့ရတယ်။ ကျနော်တို့ ပါတီသည် ဒီနှစ်ချက်လုံးနဲ့ မငြိဘူး၊ မထိပါးဘူး ဆိုတာလည်း ရှင်းတယ်။ နောက်တချက်က ကျန်ပါတီတွေနဲ့ ကျနော်တို့ပါတီရဲ့ အမည်၊ အလံ အမှတ်တံဆိပ် ဆင်တူယိုးမှား ရှိနေခဲ့ရင်လည်းပဲ ကျနော်တို့ကို ပြောင်းဖို့ ကော်မရှင်က အမိန့်ပေးနိုင်တယ်။ ကျနော်တို့ပါတီရဲ့ အမည်၊ အမှတ်တံဆိပ် အလံက ဘယ်နိုင်ငံရေးပါတီနဲ့မှ ဆင်တူယိုးမှား မရှိဘူး။ ကျနော်တို့ပါတီကို မှတ်ပုံတင်ခွင့် ငြင်းပယ်ခဲ့တဲ့ကိစ္စက ဥပဒေနဲ့ မငြိဘူး။ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊ မရှိ ကိစ္စနဲ့ ပြောရရင် ကျနော့်အနေနဲ့ နိုင်ငံရေးနဲ့ အဓိက ပြောချင်တယ်။ ရွေးကောက်ပွဲကော်မရှင်က လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲတခုကို လုပ်နိုင်ပါတယ်ဆိုတာ သက်သေပြဖို့က နိုင်ငံရေးပါတီတွေက အဆက်မပြတ် ထိတွေ့ဖို့လိုတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ ထိတွေ့မှုက ဒီတကြိမ်က ဒီအစိုးရလက်ထက်မှာ ပထမဦးဆုံးလို့ ထင်တယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ တကယ့်တာဝန်က နိုင်ငံရေးပါတီတွေနဲ့ အဆက်မပြတ် ထိတွေ့နေပြီးတော့ ဘယ်လို အခက်အခဲတွေ ရှိတယ်၊ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် ခိုင်မာအောင် လုပ်တဲ့အခါမှာ သူတို့ဘက်က ဘာတွေ ဖြည့်ဆည်းပေးဖို့ လိုတယ်၊ ဒီလိုဟာမျိုးတွေကို စဉ်ဆက်မပြတ် ထိတွေ့နေရမယ့်အစား ထိတွေ့မှုက အင်မတန်ကို နည်းတယ်။ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ့် အစီအစဉ်၊ ဘယ်နေ့ ဘယ်ရက်မှာ လုပ်မယ်၊ ဘယ်နေ့ ဘယ်ရက်မှာတော့  ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ နေ့က ဘယ်နေ့မှာ စပြီး ဘယ်နေ့မှာ ဆုံးတယ်။ ဒီလို အရေးကြီးတဲ့ အချက်အလက်တွေကအစ နိုင်ငံရေးပါတီတွေနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ ရွေးကောက်ပွဲကော်မရှင်က ယုံကြည်ထိုက်တယ်၊ မယုံကြည်ထိုက်ဘူး၊ စွမ်းဆောင်ရည် ရှိတယ်၊ မရှိဘူး။ ဒါကို ခဏဘေးဖယ်ထားလိုက်ဦး။ ဒီ process ကို ကြည့်ရင်တောင်မှ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ သူ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တခုကို မလုပ်ခဲ့တဲ့အတွက် အကယ်၍များ နိုင်ငံရေးပါတီတွေက ဒါကတော့ အားနည်းချက် ရှိတယ်၊ ချို့ယွင်းချက်ရှိတယ် ဆိုရင် ကျနော်တို့က လက်ခံစဉ်းစားရမယ့် အနေအထားမျိုး ဖြစ်သွားပြီ။ ရွေးကောက်ပွဲကော်မရှင်၏ အဓိကတာဝန်သည် ကြားဖြတ်ရွေးကောက်ပွဲ လုပ်တော့မယ်ဆိုရင် နိုင်ငံရေးပါတီတွေနဲ့ တွေ့မယ်၊ ညှိနှိုင်းပြီးမှ ဆုံးဖြတ်တယ်ဆိုရင် အားလုံးရဲ့ ယုံကြည်မှုကို ရမယ်။ အခု လုပ်သွားတဲ့ပုံစံကတော့ အားလုံးရဲ့ ယုံကြည်မှု ရနိုင်တဲ့ အနေအထားမျိုး အားနည်းနေတယ်လို့ ထင်ပါတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024