Home
မြန်မာသတင်း
ယုံကြည်မှုရှိမှ ငြိမ်းချမ်းရေးအောင်မြင်မည်ဟုဆို
DVB
·
July 10, 2012

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲနဲ့ အစိုးရအကြား ငြိမ်းချမ်းရေး မရသေးတာဟာ တဖက်နဲ့တဖက် ယုံကြည်မှု မတည်ဆောက်နိုင်သေးတဲ့ အတွက် ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေဟာ ကေအိုင်အို ထိန်းချုပ်နယ်မြေကို သွားရောက်ပြီး ကေအိုင်အို ခေါင်းဆောင်တွေနဲ့ရော ကချင်စစ်ပြေးဒုက္ခသည်တွေနဲ့ ပါ တွေ့ဆုံခဲ့ကြပါတယ်။

[caption id="attachment_27745" align="alignright" width="300" caption="၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး"][/caption]

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တွေ့ဆုံခဲ့အပြီး ရက်ပိုင်းအကြာမှာ ကိုမြအေးတို့ ကျောင်းသားခေါင်းဆောင်တွေ တရုတ်မြန်မာ နယ်စပ် ကေအိုင်အိုဌာနချုပ် (လိုင်ဇာ)ကို သွားရောက်လေ့လာခဲ့ကြတာပါ။

အစောပိုင်း သတင်းတွေ ထွက်ပေါ်နေတဲ့ ကေအိုင်အိုက အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးသေးတဲ့အတွက် မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ရတာ ဆိုတဲ့အပေါ်ကိုလည်း ကိုမြအေးက ငြင်းဆိုပါတယ်။

“မဟုတ်ဘူးဗျ။ ကျနော် ကေအိုင်အေက ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရပါတယ်။ ဦးလနန်နဲ့လည်း အလားတူပါပဲ။ ကေအိုင်အေ အဖွဲ့အစည်းအနေနဲ့က ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ချူပ်ဆိုထားပြီး ဖြစ်တယ်။ ၁၇ နှစ်တိတိ ကြာတဲ့အခါမှာ ပြည်တွင်းစစ်ဖြစ်ကြ တာ။ ပြီးမှ ပြန်တိုက်ခိုက်ကြတာ။ အဲတော့ ၁၇ နှစ်တိတိ သေနတ်သံတွေ ရပ်စဲခဲ့တဲ့ ဒေသမှာ စစ်မက်တွေ ပြန်ဖြစ်ပွားလာတဲ့ ကိစ္စမှာ၊ ၁၇ နှစ်တိတိလုံး တည်ဆောက်ထားတဲ့ ယုံကြည်မှု အဆောက်အအုံတခု ပြိုလဲသွားတယ်။ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရမှာဖြစ် တယ်။ ကေအိုင်အေ အနေနဲ့က ဒီဘက်ကနေ လုံးလုံးလျားလျား အပစ်အခတ်ရပ်စဲရေးကို မလုပ်တော့ပါဘူးလို့ ငြင်းပယ်ခဲ့တာ မဟုတ်ဘူးလို့ ကျနော် နားလည်တယ်။ ကေအိုင်အေအနေနဲ့ အဆိုပြုချက် အဆင့် ၃ ဆင့် တင်ထားတာရှိတယ်။ အဆင့် ၃ ဆင့်နဲ့ ပတ်သက်ပြီး လည်း ကေအိုင်အေက တရားသေ ဆုပ်ကိုင်ထားခြင်း မရှိဘူး။ ပျော့ပျော့ပျောင်းပျောင်းနဲ့ ညှိနှိုင်းသွားမယ့် သဘောရှိတယ်။

“အဓိက အချက်ကတော့ နိုင်ငံရေး ပဋိပက္ခကြောင့် ဖြစ်ပွားနေတဲ့ ဒီစစ်မက်ကို နိုင်ငံရေး နည်းအရပဲ ဖြေရှင်းသင့်တယ်လို့ ထင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေအရ ဖြေရှင်းသွားမယ်ဆိုရင် ဒီစစ်မက်တွေက ကင်းသွားမှာပဲ။ ဒီပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်မယ်ဆိုရင် ဒီ စစ်ရပ်ဆိုင်းမှာပဲ။ ဒါကတော့ ကျနော် ဆွေးနွေးခဲ့ရတဲ့ အချက်တွေပေါ် မူတည်ပြီး သုံးသပ်ပြောဆိုခြင်း ဖြစ်ပါတယ်။”

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြား ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပိုမိုတိုးတက်ဖြစ်ထွန်းစေဖို့ ရည်ရွယ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၄ ဦးဟာ ကချင်လွတ်မြောက်ရေးတပ်မတော် အေအိုင်အေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အဆိုပါ ငြိမ်းချမ်းရေးခရီးစဉ်ဟာ အောင်မြင်တယ်လို့ ပြောပါတယ်။

ဒီခရီးစဉ်မှာ ကိုပဏ္ဍိတ်ထွန်း၊ ကိုထွန်းမြင့်အောင်နဲ့ ကိုစိုးထွန်းတို့လည်း လိုက်ပါသွားပါ တယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024