အီးယူအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များ ရွှေ့ပြောင်းနေထိုင်သူများအရေး ဆွေးနွေး

ဥရောပသမဂ္ဂအဖွဲ့ဝင် (အီးယူ) နိုင်ငံတွေက ခေါင်းဆောင်တွေဟာ ရွှေ့ပြောင်းနေထိုင်သူများ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဆွေးနွေးနေပါတယ်။ ကျန်ခဲ့တဲ့နှစ်တွေ အတော်များများအတွင်း ဥရောပသမဂ္ဂ (အီးယူ) ထဲမှာ ကွဲပြားမှုတွေ ဖြစ်စေခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူများ အရေးအတွက် အဖြေရှာဖို့ အီးယူအဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေ ဆွေးနွေးနေကြတာပါ။ ဥရောပကော်မရှင် ဥက္ကဋ္ဌ ယန်းကလော့ဒီယန်ကာက ဒီအစည်းအဝေး ဖြစ်မြောက်အောင် ဆင့်ခေါ်ခဲ့တာပါ။ ဥရောပ ခိုလှုံခွင့် ဘုံစနစ်ကို ပြုပြင်ပြောင်းလဲရေး ဇွန် ၂၈ နဲ့ ၂၉ ရက်တွေမှာ အီးယူရဲ့ ထိပ်သီးညီလာခံအတွက် အခြေခံမူဘောင် ချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အစည်းအဝေးတက်လာတဲ့ ခေါင်းဆောင်တွေကြားမှာ မတူတဲ့ စိုးရိမ်မှုတွေ ရှိနေတာပါ။ ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းရဲ့ ရှေ့တန်းမှာရှိနေတဲ့ အီတလီလို နိုင်ငံတွေက အထောက်အပံ့ ပိုရဖို့နဲ့ ညီမျှတဲ့ ခွဲတမ်းစနစ် ရဖို့ ကြိုးစားနေတာပါ။ ဒေသမြောက်ပိုင်းမှာရှိနေတဲ့ ဂျာမနီလို နိုင်ငံတွေကတော့ ဥရောပတောင်ပိုင်း နိုင်ငံတွေဆီ ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အရေအတွက်ကို ကန့်သတ်ပြီး ဒုတိယအဆင့် ရွှေ့ပြောင်းမှုကို ဟန့်တားဖို့ မျှော်လင့်ထားပါတယ်။ "ကျနော်တို့အားလုံးက ဘုံအဖြေတွေကိုရှာဖို့ လိုအပ်တယ်လို့ သိမ်းသွင်း စည်းရုံးခံရတယ်။ လောလောဆယ်တော့ နိုင်ငံတိုင်းက သူတို့အတွက် သက်သက်ဖြစ်တဲ့ အဖြေကိုရှာဖို့ ကြိုးစားနေတာ မြင်နေရတယ်။ ဒါဟာ ကျနော်လိုချင်တဲ့ ဥရောပ မဟုတ်ဘူး။ ဒီပြဿနာဟာ တနိုင်ငံချင်းရဲ့ ပြဿနာမဟုတ်ဘူး။ ဥရောပရဲ့ ပြသနာဖြစ်လို့ ဘုံအဖြေတွေကို ရှာဖို့လိုတယ်" လို့ လူဇင်ဘက်နိုင်ငံ ဝန်ကြီးချုပ် ဇေဗီယာ ဘက်တယ်က ပြောပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ မြေထဲပင်လယ်ကိုဖြတ်ပြီး ဒုက္ခသည် ၁ သန်းကျော် ဥရောပကို ရောက်ခဲ့တာပါ။ သူတို့ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အီးယူအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေ ချက်ချင်း စဉ်းစားမရ ဖြစ်ခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ ၆၂၉ ယောက်ပါတဲ့ ကယ်ဆယ်ရေးသင်္ဘောကို ကမ်းကပ်ခံဖို့ ကိစ္စမှာ ပြင်သစ်နဲ့ အီတလီကြား ဒီလထဲမှာ စကားစစ်ထိုးခဲ့ရလို့ ဒီအရေးဟာ ဥရောပ လုပ်ငန်းစဉ်မှာ ရှေ့တန်းကို ပြန်ရောက်ခဲ့ပါတယ်။ အီတလီရဲ့ လက်ယာယိမ်း အစိုးရသစ်က ရွှေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်ပြီး ရပ်တည်ချက် တင်းမာနေလို့ နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးသင်္ဘောဟာ စပိန်နိုင်ငံ ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up