လိုဏ်ဂူထဲတွင် ပျောက်နေသည့် ထိုင်းလူငယ်ဘောလုံးသမားများကို ရေငုပ်ရှာဖွေ

ဓာတ်ပုံ - ThaiSEAL Facebook
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်စီရင်စုထဲက လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်ဘောလုံးသမားတွေနဲ့ နည်းပြတို့ကို ထိုင်းရေတပ် ပင်လယ်ဖျံတပ်ခွဲက ရေငုပ်ရှာဖွေနေပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းက လိုဏ်ဂူထဲမှာ ပိတ်မိနေတယ်လို့ ယုံကြည်ရတဲ့ ထိုင်းလူငယ် ဘောလုံးအသင်းနဲ့ နည်းပြဆရာတို့ကို ထိုင်းရေတပ် ရှာဖွေရေးအဖွဲ့က ဒီကနေ့ ရှာနေကြတာပါ။ ရေငုပ်သမားတွေဟာ လိုဏ်ဂူထဲ ၅ ကီလိုမီတာအနက်ထိ ရေငုပ်ခဲ့ပြီး ခန်းမကျယ်ကြီးကို တွေ့ခဲ့တယ်၊ ဒါပေမယ့် ကလေးတွေရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ဘူးလို့ ထိုင်းတော်ဝင်ရေတပ်ရဲ့ ပင်လယ်ဖျံတပ်ဖွဲ့က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးခဲ့ပါတယ်။ ရှာဖွေရေးလုပ်ငန်းတွေရဲ့ နောက်ဆုံးရ အခြေအနေတွေကို အများပြည်သူဆီ အရာရှိတွေက အချိန်တိုင်း အစီရင်ခံနေပါတယ်။ အသက် ၁၆ နှစ်အောက် လူငယ်ဘောလုံးအသင်းဝင် ယောက်ျားလေး ၁၂ ဦးနဲ့ နည်းပြတို့ဟာ ချင်းရိုင်ခရိုင်ထဲက ထမ်းလွန်မ် ခွန်နမ် နန်းနွန်း လိုဏ်ဂူထဲကို သွားရောက်လည်ပတ်ချိန်မှာ စနေနေ့တည်းက ပျောက်နေခဲ့တယ်လို့ ထိုင်းမီဒီယာတွေက အစီရင်ခံပါတယ်။ ထမ်းလွန်မ်ဂူရဲ့ အပြင်ဘက်မှာ မော်တော်ဆိုင်ကယ် ၁ စီး၊ စက်ဘီး ၁၁ စီးနဲ့ ကျောပိုးအိတ်တွေ၊ ဘောလုံးကန် ဖိနပ်တွေနဲ့ တခြား အားကစားပစ္စည်းတွေ ကျန်ရစ်တာကို သဘာဝဥယျာဉ်ရဲ့ အရာရှိတွေက စနေနေ့မှာ တွေ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။ ဘောလုံးအသင်းနဲ့ နည်းပြတို့ ဂူထဲဝင်သွားတာကို မြင်လိုက်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဂူထဲဝင်တဲ့ ဝင်ပေါက်မှာ ဧည့်သည်တွေဟာ ချောင်းငယ်လေးကို ဖြတ်ရတယ်။ အခု ချောင်းရေက ဂူထဲ စီးဝင်မျောပါနိုင်လောက်အောင် မြင့်နေလို့ ဝင်ပေါက်ကို ပိတ်ထားတယ်လို့ ဘန်ကောက်ပို့စ်က ထုတ်ပြန်ပါတယ်။ ဂူဟာ ၅ မိုင်လောက်ထိရှည်ပြီး ဂူအဝက ချောင်းကတော့ မိုးရာသီမှာ ၁၆ ပေ ကျော်တဲ့အထိ မြင့်တက်လေ့ရှိတယ်လို့ အေပီသတင်းဌာနမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up