တိုက်ကြီးမြို့နယ်တွင် ဝါးမျိုးများ စိုက်ပျိုးရောင်းချမှု ပိုများလာ
DVB
·
June 25, 2018
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှာ ဝါးစိုက်ပျိုးတာ ပိုမိုများလာတဲ့အတွက် ဝါးမျိုး စိုက်ပျိုးရောင်းချသူတွေ မနှစ်ကထက် ပိုများလာတယ်လို့ ဝါးမျိုး ရောင်းချသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဝါးပိုးဝါးမျိုး စိုက်ပျိုးရောင်းချသူ ဦးကျော်ဌေးက “မြန်မာနိုင်ငံမှာ ဝါးစိုက်ပျိုးရောင်းချတာ တခေတ်ပြန်ဆန်းသစ်လာတော့ အခုဆို ဝါးစိုက်ပျိုးသူတွေ ပိုများလာပါတယ်။ ကျနော် ဝါးကို စတင်စိုက်ပျိုးပြီး ဝါးမျိုးရောင်းချတာ ငါးနှစ်ကျော်ပြီ။ အရင်နှစ်တွေက တိုက်ကြီးမြို့နယ်မှာ အခုလို ဝါးစိုက်ပျိုးသူ နည်းတယ်။ အခုနောက်ပိုင်း စိုက်ပျိုးသူ များလာသလို ဝါးမျိုး ရောင်းချသူလည်း များလာပါတယ်။ အရင်နှစ်တွေက ရောင်းအား သိပ်မကောင်းဘူး။ ဒီနှစ် စိုက်ပျိုးသူများလာသလို ရောင်းချသူလည်း ပိုများလာပါတယ်။ ဝါးပိုးဝါး ပျိုးပင်တပင်ကို အရင်နှစ်တွေက ၁၀၀၀ ကျပ်နဲ့ ရောင်းရတယ်။ ဒီ ၂၅၀၀ ကျပ် ရောင်းရပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း တိုက်ကြီးမြို့နယ် စံပြဝါးစိုက်ခင်းမန်နေဂျာ ကိုဇော်မျိုးထွန်းက “ကျနော်တို့က အဓိကနိုင်ငံခြားမျိုးဖြစ်တဲ့ ကလွေ၊ ကျလို့၊ ပတ္တမြား စတဲ့ ဝါးမျိုးတွေကို ထိုင်းကနေ မျိုးစေ့ဝယ်ပြီး စိုက်ပျိုးရောင်းချနေပါတယ်။ ပြည်တွင်းဝါးမျိုးဖြစ်တဲ့ ဝါးပိုး၊ ဝါးယား၊ ဝါးနက်၊ ထီးရိုးဝါး စတဲ့ ဝါးမျိုးတွေကိုလည်း ရောင်းတယ်။ မြန်မာနိုင်ငံမှာ ဝါးကို နေရာ တော်တော်များများမှာ အသုံးပြုသလို့ ဝါးနဲ့ပြုလုပ်တဲ့ လက်မှုပညာတွေကို နိုင်ငံခြား တင်ပို့နေပြီ ဖြစ်တဲ့အတွက် စိုက်ပျိုးသူ ပိုများလာတယ်။ ဝါးက နှစ်ရှည်ပင် အမျိုးအစားဖြစ်တဲ့အတွက် စိုက်ပျိုးတဲ့သူတွေအတွက်လည်း အဆင်ပြေတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အများအားဖြင့် ဝါးကို ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်နိုင်သေးပြီး ကုန်ချောအဖြစ်နဲ့ ပြည်ပ တင်ပို့နိုင်ဖို့အတွက် နည်းပညာ လိုအပ်နေသလို နိုင်ငံတော်က ထောက်ပံ့ပေးဖို့လည်း လိုအပ်နေပါတယ်။
တိုက်ကြီးမြို့နယ်မှာ အရင်က ဝါးစိုက်ပျိုးသူ နည်းပါးပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စိုက်ပျိုးရောင်းချသူ ပိုများလာနေပါတယ်။
စိုက်ပျိုးရောင်းချသူတွေဟာ ဝါးပိုးဝါးကို အစိုက်များပြီး ပျိုးပင်တပင်ကို ၁၅ဝဝ ကျပ်နဲ့ ဝယ်ယူပြီး ပြန်လည်ရောင်းချရာမှာ ဝါးပိုးဝါးတလုံးကို ၃ဝဝဝ ကျပ်ကနေ ၅ဝဝဝ ကျပ်အထိ ပေါက်ဈေးနဲ့ ရောင်းချရပါတယ်လို့ ဝါးစိုက်ပျိုးသူတွေဆီက သိရပါတယ်။
မေသွယ်