ဘရက်ဇစ် သဘောတူညီချက်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးရန် တောင်းဆို

ဓာတ်ပုံ - ရိုက်တာ
ဘရက်ဇစ် (Brexit) သဘောတူညီချက်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပေးဖို့ ဇွန် ၂၃ ရက်နေ့က လူတသိန်းဝန်းကျင် ချီတက်တောင်းဆိုခဲ့ကြပါတယ်။ လန်ဒန်မြို့ အဓိကလမ်းမကြီးတွေမှာ ဆန္ဒပြသူတွေဟာ ကမ်းလုံးညွှတ်မျှ အတူစုဝေးပြီး ချီတက် ဆန္ဒပြနေကြတာပါ။ သူတို့ဟာ ဗြိတိန်၊ အိုင်ယာလန်၊ ဥရောပအလံတွေနဲ့ ရောင်စုံ ခေါင်းစည်းစာတန်းတွေကို ဝှေ့ယမ်းပြီး ဥရောပသမဂ္ဂကနေ ဗြိတိန်ထွက်ခွာမယ့် နောက်ဆုံး ဘရက်ဇစ် သဘောတူညီချက်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပေးဖို့ တောင်းဆိုနေကြတာပါ။ “ပြည်သူတွေ စိတ်ဆိုးနေကြတယ်။ ဘရက်ဇစ်နဲ့ပတ်သက်လို့ အစိုးရ ပေါက်ကရတွေ လုပ်နေတာကို စိတ်ဆိုးတာ။ ဘရက်ဇစ်အတွက် ကုန်ကျစရိတ်ဟာ ဗြိတိန်ပေါင် ဘီလျံ ၄၀ လောက်ရှိတယ်ဆိုတဲ့ သတင်းအချက်အလက်သစ်တွေ သိလာလို့ စိတ်ဆိုးကြတာ။ နောက်ပြီး နာမည်အပျက်ဆုံးက အမျိုးသား ကျန်းမာရေးဝန်ဆောင်မှုအတွက် ရန်ပုံငွေ ပိုမိုထားရှိမယ့် ကတိကို မစောင့်ထိန်းတာပဲ။ အဲဒီတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ တနိုင်ငံလုံးမှာရှိတဲ့ လူတန်းစားပေါင်းစုံက လူတွေ သောင်းနဲ့ချီပြီး ပါလီမန်ရှိရာ ချီတက်နေကြတာ။ နောက်ဆုံး ဘရက်ဇစ် သဘောတူညီချက်နဲ့ ပတ်သက်လို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ပေးဖို့ တောင်းဆိုနေကြတာဗျ” လို့ ပွင့်လင်းဗြိတိန် အုပ်ချုပ်ရေးဒါရိုက်တာ ဂျိမ်းစ်မက်ဂလိုရီက ပြောပါတယ်။ ဒါ့အပြင် ဆန္ဒပြမှုတွေကို တန်ပြန်ဆန္ဒပြတဲ့ ဘရက်ဇစ် ထောက်ခံပွဲတွေကိုလည်း လူပေါင်းရာချီပြီး တက်ရောက်ခဲ့ကြပါတယ်။ ဥရောပသမဂ္ဂကနေ ဗြိတိန်ထွက်ခွာမယ့် ဘရက်ဇစ် သဘောတူညီချက်ကို ၅၂ ရာခိုင်နှုန်းနဲ့ ထောက်ခံခဲ့တဲ့ ဒုတိယနှစ်ပတ်လည်မှာပဲ နိုင်ငံရေးအရ ကွဲပြားမှုတွေ အမြစ်တွယ်လာတာကို လူထုသဘောထား စစ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up