Home
ဆောင်းပါး
ကမ္ဘာ့ဖလား ဘောလုံးကွင်းထဲရောက် ဒစ်ဂျစ်တယ်တော်လှန်ရေး
DVB
·
June 24, 2018
(VAR ဘာလဲ) ခရာတွတ်သံကြားလိုက်တယ်။  ဘောလုံးသမားတွေရပ်သွားတယ်။  ဒိုင်လူကြီးဟာ ပယ်နယ်တီပေးတော့မယ်လို့ ယူဆနေကြတယ်။ ဘောလုံးသမားတွေဟာ ဒိုင်လူကြီးနားမှာ အပြန်အလှန်အငြင်းပွားနေကြတယ်။  ပရိသတ်တွေအားလုံး တိတ်ဆိတ် ရင်ခုန်နေကြတယ်။  ဒိုင်လူကြီးဟာ နားကြပ်ကိုလက်နဲ့ဖိပြီး တယောက်ယောက်နဲ့ စကားပြောနေပုံမြင်ရတယ်။   အဲဒီနောက် ဘောလုံးကွင်းထဲကနေ ပြေးထွက်သွားပြီး ဗွီဒီယိုအနှေးပြကွက်ကို ကြည့်တယ်။ ပြန်လာတယ်။   ပယ်နယ်တီပေးမယ်ထင်ထားကြတာ မပေးတော့ဘူး။ နောက်တပွဲမှာတော့ ပယ်နယ်တီ မပေးဘူးထင်နေကြရာကနေ ပယ်နယ်တီပေးဖို့ ဆုံးဖြတ်တယ်။  အနီကပ်ပေးမယ် မပေးဘူး ဆုံးဖြတ်တယ်။ အဲဒီမြင်ကွင်းတွေကို အခု ၂၀၁၈ ကမ္ဘာ့ဖလားမှာ မြင်တွေ့လာကြရပါတယ်။ ပွဲအနိုင်အရှုံးကို ဆုံးဖြတ်တဲ့ ပင်နယ်တီတွေနဲ့ VAR စတွေ့ကြတယ်။   ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကမ္ဘာ့ဖလားမှာ နည်းပညာအသစ်တွေ အသုံးချလာတာကို တွေ့ရမယ်။ ဒိုင်လူကြီးတွေ မှားယွင်းဆုံးဖြတ်တာ နည်းပါးသွားမယ်။  မတရားမှု မမျှတမှုတွေ ရှားပါးလာမယ်လို့ ယူဆသူတွေရှိတယ်။ ဘောလုံးအားကစားနည်းရဲ့ ၀ိညာဉ် စိတ်လှုပ်ရှားမှုအနုပညာတွေ ကျဆုံးကွယ်ပျောက်သွားမယ်လို့ ထင်သူတွေလည်းရှိမယ်။   ပြီးခဲ့တဲ့ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပွဲမှာ ဖရန့်ခ် လမ်းပတ်ရဲ့ ကန်ချက်ဂိုးလိုင်း နောက်က ပြန်ထွက်လာခဲ့ပေမယ့် ဒိုင်လူကြီးက မမြင်လိုက်ဘဲ မှားယွင်းဆုံးဖြတ်ခဲ့တဲ့နောက် ခုချိန်ထိ အသည်းနာ ကမ္ဘာမကျေသေးတဲ့ အင်္ဂလန်ပရိသတ်တွေ ရှိပါလိမ့်မယ်။   မှားယွင်းမှုတွေ၊ နစ်နာမှုတွေ မရှိစေချင်ကြတာကြောင့်ပဲ ကမ္ဘာ့ဖလားပြိုင်ပွဲ ဒိုင်လူကြီး တာဝန်တွေမှာ နည်းပညာအကူအညီစနစ်တွေ ပိုမိုပါဝင် ပတ်သက်လာရတာလို့ ယူဆ နိုင်ပါတယ်။  ဒီလိုနဲ့ပဲ ဂိုးလိုင်းနည်းပညာကို လွန်ခဲ့တဲ့လေးနှစ်က ဘရာဇီးကမ္ဘာ့ဖလားပွဲမှာ စတင်ပွဲထုတ်ခဲ့ကြတယ်။ vanishing spray လို့ခေါ်တဲ့ နေရာ အမှတ်အသားလုပ်ပေးတဲ့ ယာယီဆေးရောင်မှုတ်ဆေးဘူးကိုလည်း စသုံးခဲ့ကြတာ တွေ့ခဲ့ရတယ်။ ဒီတခါတော့ FIFA ရာဇ၀င်မှာ ပထမဆုံးအနေနဲ့ VAR လို့ခေါ်တဲ့ Video Assistant Referee ဗွီဒီယိုကူ ဒိုင်လူကြီးပါဝင်လာတယ်။   ဂိုးမဂိုး ဆုံးဖြတ်တယ်။ အနီကတ်ပြသင့်မပြသင့်၊ ပယ်နယ်တီပေးသင့်မပေးသင့် အမြင်မှားဆုံးဖြတ်မိနိုင်တဲ့ အခြေအနေမျိုးမှာ ဒိုင်လူကြီး စဉ်းစားဆုံးဖြတ်နိုင်အောင် ပြန်တင်ပြ ကူညီပေးတယ်။  ဒိုင်လူကြီးက လှမ်းမေးတယ်။ သို့မဟုတ် ဒိုင်လူကြီးကို VAR အဖွဲ့က လှမ်းပြောပြတယ်။ ဗွီဒီယို အနှေးရိုက်ချက်ကို ကင်မရာရှုဒေါင့်မျိုးစုံကနေ ပြန်ကြည့်တယ်။ ဒိုင်လူကြီးသာ နောက်ဆုံး ဆုံးဖြတ်ချက်ပေးတယ်။    VAR အတွက် VOR video operation room ထဲမှာ အဖွဲ့ခေါင်းဆောင်တယောက်နဲ့ လက်ထောက် ၃ ယောက်က ကင်မရာ ၃၃ လုံးနဲ့ ကွင်းပြင်က ကင်မရာ ၂ လုံးကို စောင့်ကြည့်နေကြပါတယ်။  Radio စနစ်နဲ့ ဒိုင်လူကြီးကို လှမ်းပြောပြနိုင်ပါတယ်။ အဲဒီကင်မရာတွေထဲက ၈ လုံးဟာ super slow motion လို့ခေါ်တဲ့ အနှေးဆုံး ပြကွက်ထိ ပြန်ကြည့်နိုင်အောင် ပြင်ဆင်ထားပြီး နောက်ထပ်ကင်မရာ ၄လုံးကတော့ Ultra slow motion လို့ခေါ်တဲ့ အဆုံးစွန်အနှေးဆုံးထိ ပြန်ကြည့်နိုင်လောက်နိုင်စွမ်းရှိပါတယ်။ အဲဒီ VAR ကို အင်္ဂလိပ် FA Cup ပွဲတွေမှာ မြင်တွေ့ခဲ့ရဖူးကြပေမယ့် ကမ္ဘာ့ဖလားရဲ့ နည်းပညာရာဇ၀င်မှာ ဒါဟာပထမဆုံး သမိုင်းတင် မှတ်တမ်းဝင်ပဲလို့ ပြောနိုင်ပါတယ်။   သူတို့အတွက် အကြီးမားဆုံး စိန်ခေါ်ချက်ကတော့ ဘောလုံးရသ မပျက်အောင် ဘောလုံးပွဲရဲ့အရှိန်ပျက်သွားပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေ လှိုင်းအတက်အကျတွေကို အနှောင့်အယှက် မဖြစ်စေဖို့ပဲ ဖြစ်ပါလိမ့်မယ်။ သို့သော် ၂၀၁၈ ကမ္ဘာ့ဖလားပွဲမှာ ဘယ်လောက်ပဲ နည်းပညာတွေ မြင့်မားလာပေမယ့် ဒိုင်လူကြီးဆုံးဖြတ်ချက်ကို တရားမမျှတဘူး ခံစားရတာတွေ မကျေနပ်တာတွေကတော့ ရှိနေတုန်းပါပဲ။ ဒီနှစ်ကမ္ဘာ့ဖလားမှာ အသုံးပြုတဲ့ EPTS နောက်ထပ်တခုကတော့ စွမ်းဆောင်ရည် စောင့်ကြည့်စနစ်ပါ။ Electronic Performance and Tracking System (EPTS) လို့ခေါ်ပါတယ်။   တက်ဘလက်တွေနဲ့ ချိတ်ဆက်ထားပါတယ်။  ဘောလုံးနည်းပြနဲ့ အကူတွေအတွက် တက်ဘလက် ၃ လုံးရနိုင်ပါတယ်။ စက္ကန့် ၃၀ နောက်ကျတဲ့ ဗွီဒီယိုကိုကြည့်နိုင်မယ်။  ဘောလုံးသမားတယောက်ချင်းရဲ့ နေရာအနေအထား ဘောလုံးအပေးအယူနှုန်း မြန်နှုန်း အလှည့်အပြောင်းတွေ အားလုံးနဲ့ဆိုင်မယ့် ကိန်းဂဏန်းအချက်အလက်တွေကို ချက်ခြင်းမြင်တွေ့နေပါတယ်။  လိုချင်တဲ့ ကင်မရာကိုပဲ ရွေးချယ်ကြည့်လို့ ရပါသေးတယ်။ ဖီဖာအဖွဲ့ချုပ်က ၂၀၁၅ ခုနှစ်မှာ ဒီနည်းစနစ်တွေအသုံးပြုဖို့ အတည်ပြုဆုံးဖြတ်ခဲ့တာပါ။ ဘောလုံးကွင်းထဲက ကစားသမားတွေရဲ့ အချက်အလက်တွေကို အခြေခံပြီး နည်းပြတွေရဲ့ ကစားနည်းပရိယာယ်အပြောင်းအလဲတွေ စဉ်းစားဆင်ခြင်နိုင်ဖို့ အထောက်အကူတခု ဖြစ်ပါလိ့မ်မယ်။   Telstar 18 နည်းပညာမြင့် ဘောလုံး Adidas ကုမ္ပဏီက ကမ္ဘာ့ဖလားရဲ့ ပြိုင်ပွဲကြီးတိုင်းအတွက် ဘောလုံးထုတ်လုပ်ပေးတာကို ၁၉၇၀ ပြည့်နှစ်တွေကတည်းက တာဝန်ယူခဲ့ပါတယ်။  ဒီတခါ ၂၀၁၈ ကမ္ဘာ့ဖလားအတွက် ထုတ်လုပ်ထားတာကတော့ Telstar 18 ဖြစ်ပါတယ်။ smartphone တွေမှာ ပါလာတဲ့ ချိတ်ဆက်မှု NFC လို့ခေါ်တဲ့ Near Field Communication ချစ်ပ်ပြားပါဝင်လာတာပါပဲ။ ဘောလုံးဟာ စမတ်ဖုံးနဲ့ ဆက်သွယ်လာနိုင်ပါတယ်။   စမတ်ဘောလုံး ဘယ်လိုအလုပ်လုပ်သလဲ။ IoT နဲ့ Adidas Smart Ball ဘယ်လိုအလုပ်လုပ်သလဲ။ အဲဒီဒတ်စ်ကုမ္ပဏီရဲ့ စမတ်ဘောလုံး Adidas က ထုတ်လုပ်ခဲ့တဲ့ SmartBall ဘောလုံးဟာ ဘယ်လောက် စမတ်ကျသလဲဆိုတာ မစဉ်းစားခင် IoT နည်းပညာ (internet of things) ကို နည်းနည်းကြားဖူးထားရပါလိမ့်မယ်။  အရိုးရှင်းဆုံး နားလည်ရရင်တော့ အားလုံးကို ချိတ်ဆက်ထားတယ်။ အာရုံခံတယ်။ သုံးသပ်တယ် မှတ်တမ်းယူတယ်။ ထိန်းချုပ်ပေးတယ်။ ထောက်ကူပေးတယ်။ အာရုံခံစနစ် တတ်ဆင်ထားတဲ့ စမတ်ဘောလုံးဟာ  IoTစနစ်နဲ့ ချိတ်ဆက်ထားတယ်။ ဘေးစည်းကျော်သွားတာကို ချက်ခြင်းသိနိုင်တယ်။ ဂိုးမဂိုးသိနိုင်တယ်။  ဘယ်ဘောလုံးသမားက ဘယ်လိုဆွဲပြေး ကန်ချက် ဘယ်လို ဘယ်နှုန်းနဲ့ ပျံသန်းသွားပြီး ဘယ်လိုကွေ့ကောက်နိမ့်မြင့်လမ်းကြောင်းနဲ့ သွားတယ်ဆိုတဲ့ အချက်အလက်တွေကို ချက်ခြင်းသိနေရမယ်။  IoT စနစ်ဟာ အဲဒီအချက်အလက်တွေကို စနစ်တကျသိမ်းဆည်း ထားပြီး လိုအပ်သလို သုံးသပ်ခွဲခြမ်းစိတ်ဖြာပြီး ကိန်းဂဏန်းတွေ စာရင်းဇယားတွေ ဂရပ်မျဉ်းတွေ လိုင်းတွေနဲ့ တင်ပြပေးနိုင်တယ်။   ဘောလုံးရဲ့ ပြေးပုံ ဘောလုံးသမားရဲ့ ခြေထောက်အနေအထား ပြိုင်ဘက်အသင်းရဲ့ ခြေထောက်အနေအထားကိုကြည့်ပြီး ဒါက ပြစ်ဒဏ်ဘော ဖြစ်သင့်မဖြစ်သင့် ဒီစနစ်က သိနိုင်တယ်။   ဒါ့ပြင် အာရုံခံစနစ် တတ်ဆင်ထားတဲ့ ဘောလုံးဝတ်စုံတွေကြောင့် ဘောလုံးသမား တယောက် ဘယ်လောက်မိုင်နှုန်းနဲ့ ပြေးလွှားနေလဲ ဘောလုံးကွင်းထဲမှာ ဘယ်လို ရွေ့လျားနေလဲ ဘယ်နေရာတွေ သူလှုပ်ရှားသွားလာနေလဲ မြင်နေရမယ်။   ဘောလုံးသမားရဲ့ နှလုံးခုန်စနစ် အတက်အကျ မူမှန်တာမမှန်တာကအစ ချက်ခြင်းသိနေရမယ်။ ဘောလုံးကစားရင် နှလုံးအမောဖောက်ပြီး လဲကျသေဆုံးတဲ့ အဖြစ်မျိုး ရှောင်လွဲလာနိုင်ပါလိမ့်မယ်။ အထက်က နည်းပညာတွေ ဘောလုံးကွင်းထဲကို ၀င်လာကြတာ မကြာသေးပေမယ့် နောက်ထပ်အသစ်တွေလည်း ကြားလာရဖို့ ရှိပါတယ်။ ကမ္ဘာကြီးရဲ့ တချို့နေရာတွေမှာ 3G နဲ့ 4G စနစ် ဆက်သွယ်ရေးကိုတောင် အလင်မမီသေးပေမယ့် 5G စနစ်ကို စမ်းသပ်နေတဲ့ ရုရှားတွေအကြောင်းလည်း ဖတ်ရပါတယ်။  4K UHD လို့ခေါ်တဲ့ ရုပ်ထွက်အရည်အသွေးအမြင့်ဆုံးစနစ်ကို iPlayer မှာ စမ်းသပ်နေတာတွေ 360 ဘေးပတ်လည်အထက်အောက်ကို လိုသလိုကြည့်နိုင်မယ့် Virtual Reality, Argument Reality စတဲ့ စနစ်တွေကို စမ်းသပ်နေကြတာတွေအကြောင်း ဒီတခါ ၂၀၁၈ ကမ္ဘာ့ဖလားမှာ မြင်ခဲ့ကြရပြီးတဲ့နောက် ဒစ်ဂျစ်တယ်တော်လှန်ရေးနဲ့ အနာဂတ် ဘောလုံးလောကအကြောင်းတွေ အများကြီးထပ်ကြားရပါဦးမယ်လို့ မျှော်လင့်ရပါတယ်။   သန်းဝင်းထွဋ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024