သေနတ်ဖြင့်မပစ်မီ စတန့်ဗွီဒီယိုမလုပ်ရန် ငိုယိုတောင်းပန်ခဲ့ဟု တရားခံအမျိုးသမီးပြော

ရင်သွေးလောင်းရဲ့ ဖခင်ဖြစ်သူကို သေနတ်နဲ့ပစ်မိခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက ဝမ်းနည်းဖွယ်ဖြစ်ရပ်မဖြစ်ပွားခင် ဒီလုပ်ရပ်ကိုမလုပ်ဖို့ တောင်းပန်ခဲ့ကြောင်း တရားရုံးက ထွက်ပေါ်လာတဲ့ မှတ်တမ်းအသစ်မှာ ဖော်ပြထာတယ်လို့ Telegraph သတင်းကဆိုပါတယ်။ ဒီအမျိုးသမီးဟာ သူ့လက်တွဲဖော်ရဲ့ Youtube ပေါ်တင်မယ့် စတန့်ဗွီဒီယိုအတွက် ကြိုးပမ်းနေချိန်မှာ သေနတ်နဲ့ မတော်တဆပစ်မိလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ စတန့်ဗွီဒီယိုတင်မှုကြောင့် ထင်ရှားတဲ့ Youtube စတားတွေပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အသက် ၂၁ အရွယ် မိုနာလီဇာပီရတ်ဆိုသူဖြစ်ပြီး သူ့ရဲ့လက်တွဲဖော်က ပတ်ဒရိုရူးအစ်ဇ်ဖြစ်ပါတယ်။ ရူးအစ်ဇ်ဟာ သူ့ရင်ဘတ်ပေါ်မှာ ၁ ဒသမ ၅ လက်မထူတဲ့ စွယ်စုံကျမ်းစာအုပ်ကိုတင်ပြီး ပီရတ်ကို ဒသမ ၅၀ ပစ္စတိုနဲ့ ပစ်ခိုင်းခဲ့တာပါ။ ဒီလိုစတန့်ပြကွက်လုပ်ဖို့ ရူးအစ်ဇ်က ကာလရှည်တောင်းဆိုခဲ့တာဖြစ်ပြီး အစော ပိုင်းအချိန်တွေမှာ ပီရတ်က ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့တာကြောင့် အထမမြောက်ခဲ့တာပါ။ ဘယ်လိုမှ မငြင်းဆန်နိုင်တော့တဲ့အဆုံး ပီရတ်က ဒီလိုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုမလုပ်ခင်လည်း သူ့လက်တွဲဖော်ကို မလုပ်နိုင်ကြောင်း ငိုယိုပြောဆိုခဲ့တယ်လို့ တရားရုံးက ထုတ်ပြန်ချက်အသစ်မှာ ဖော်ပြထားပါတယ်။ ပီရတ် စိုးရိမ်ခဲ့သလိုပဲ တကယ်တမ်း လုပ်တဲ့အချိန်မှာ ကျည်ဆန်ဟာ စာအုပ်ကို ဖောက်ကာ ရူးအစ်ဇ်ကို ထိမှန်ခဲ့ပြီး ဒဏ်ရာကြောင့်ပဲ သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လမှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို ပီရတ်နဲ့ ရူးအစ်ဇ်တို့ရဲ့သုံးနှစ် အရွယ် သမီးအပါအဝင် လူ ၃၀ ကျော်က မျက်မြင်ကြည့်ရှုခဲ့ကြတာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် ကိုယ်ဝန်ဆောင် ပီရတ်ဟာလည်း လူသတ်မှုနဲ့ ထောင်ဒဏ်ခြောက်လ အပြစ်ပေးခံခဲ့ရပါတယ်။ ဇွန် ၂၃ ရက်စစ်ဆေးမှုမှာ ပီရတ်က သေနတ်နဲ့မပစ်ဖို့ သူဘယ်လောက်တောင် တောင်းပန်ခဲ့ကြောင်း တာဝန်ရှိသူတွေကို ငိုယိုပြောဆိုခဲ့ပါတယ်။ Youtube ပေါ်က စတန့်ဗွီဒီယိုတွေနဲ့ အောင်မြင်လာတဲ့ ရူးအစ်ဇ်ကတော့ ဒီစတန့်လုပ်ရပ်ကြောင့် သူသေသွားရင်တောင် သူလုပ်ချင်တဲ့အရာကို အကောင်အထည်ဖော်ရလို့ ပျော်ရွှင်မိမှာပဲလို့ ပြောခဲ့ကြောင်း Telegraph သတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up