Home
မြန်မာသတင်း
မိုးညှင်းတွင် မူးယစ်ဆေးရောင်းချမှုပပျောက်ရေးနှင့် တရားခံပြေးအား အမြန်ဖမ်းဆီးရေး ဆန္ဒပြ
DVB
·
June 24, 2018
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှာ ဒီနေ့ မနက် ၇ နာရီမှာ မူးယစ်ဆေး ရောင်းချမှု ပပျောက်ရေးနဲ့ မူးယစ်တရားခံပြေးအား အမြန်ဆုံးဖမ်းဆီးပေးရေး ဒေသခံ ရာချီ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ မနက် ၇ နာရီ နန်းမားကျေးရွာ အောင်ဆန်းကွင်းမှာ စုဝေးခဲ့ကြပြီး ၉ နာရီခွဲမှာ အောင်ဆန်းကွင်းကနေ မြို့မရပ်ကွက် မူးယစ်တရားခံပြေး ထွန်းထွန်းအိမ်ရှေ့ကတဆင့် ရဲစခန်းရှေ့လမ်း၊ ရှမ်းစုရပ်မှ စုရပ်ဖြစ်တဲ့ အောင်ဆန်းကွင်းကို ပြန်လည်ဝင်ရောက်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲဦးဆောင်ကျင်းပသူ ဦးသန်းဇော်ဝင်ကတော့ “နန်းမားဒေသမှာ အမျိုးသား ၈၉ ရာခိုင်နှုန်းဟာ မူးယစ်ဆေးသုံးစွဲနေကြတာဖြစ်လို့ သက်ဆိုင်ရာက အမြန်ဆုံး ပပျောက်အောင် မူးယစ်ရောင်းချသူတွေနဲ့ တရားမဝင် လက်နက်ကိုင်ဆောင်ရောင်းချသူ တရားခံပြေး ထွန်းထွန်း ကို ဖမ်းဆီးပေးစေချင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဆန္ဒပြသူတွေဟာ မူးယစ်ဆေးဝါးရောင်းချသူ ဒို့ရန်သူ၊ မူးယစ်ဆေးဝါးရောင်းချမှု ပပျောက်ရေး ဒို့အရေး၊ မူးယစ်ဆေးဝါးရောင်းချသူအား ကူညီပေးသူ ဒို့ရန်သူ၊ နိုင်ငံတော်မှ ထုတ်ပေးထားသော ဝရမ်းကို မဆောင်ရွက်သူ အလိုမရှိ၊  နန်းမားမြို့အား ဖျက်ဆီးသူ ထွန်းထွန်း ထွက်သွားထွက်သွား စတဲ့ ကြွေးကြော်တွေ ကြွေးကြော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲလာရောက်သူ တောင်အင်းဒေသခံတယောက်က “နောက်ထပ် ဒီလိုမျိုး မူးယစ် ဆန့်ကျင်ပွဲ ခဏခဏ ကျင်းပပေးစေချင်တယ်။ ထောက်ခံပါတယ်” လို့ ဆိုပါတယ်။ နန်းမားအုပ်ချုပ်ရေးမှူးက “ဒီနန်းမာဒေသမှာ တရားမဝင်လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းချသူ လူထုကို နှိပ်စက်သူတွေကို ကာကွယ်ပေးသူတို့ကို ပထမအကြိမ် လူထုဆန္ဒအရ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရှေ့ဆက်လို့လည်း ဆန္ဒပြပွဲတွေကို လူထုဆန္ဒအရ ပြုလုပ်ပေးသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024