ကျိုက်ထိုတွင် မိုးကြိုးပစ်ခတ်မှုကြောင့် စေတီ ၁ ဆူ စိန်ဖူးတော်မြေခ
DVB
·
June 24, 2018
ဇွန် ၂၃ ရက်နေ့ည ၈ နာရီလောက်က မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ မရမ်းချောင်းကျေးရွာ ဘုရားကိုးဆူဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စေတီ ၁ ဆူ စိန်ဖူးတော်မြေခခဲ့ပါတယ်။
စေတီတော် ၃ တောင်လောက် ကွဲအက်ကာ၊ ဌာပနာတိုက်ပွင့်ထွက်တာတို့ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ သီလရှင် ဒေါ်ဝေဠုဝတီ ၆၀ နှစ်သည် ထိတ်လန့်ပြီး လဲကျခဲ့လို့ ဦးခေါင်းနောက်စေ့အနည်းငယ် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး သိမ်ဇရပ်တိုက်နယ်ဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဇွန်လ ၂၃ ရက် မနက် ၁၁ နာရီလောက်ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်လာတဲ့အတွက် ဖားကန့်မြို့နယ်၊ ဆယ်ဇင်ကျေးရွာအတွင်း ရေ ၃ ပေလောက် ၀င်ရောက်ခဲ့လို့ မြေနိမ့်ပိုင်းရှိ နေအိမ် ၄ လုံးမှာ နေထိုင်သူတွေအား ဓာတ်ပေါင်းစုဓမ္မာရုံကို ယာယီပြောင်းရွှေ့ထားရတယ်လို့ ဆိုပါတယ်။
အလားတူ ဇွန်လ ၂၃ ရက် မွန်းလွဲပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် ရန်ကင်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်က သစ်ပင်လဲကျပိမိလို့ လျှပ်စစ်မီးကြိုး ပြတ်ကျခဲ့လို့ အနီးရှိ လမ်းဘေးမှာ သစ်သီးမျိုးစုံ ရောင်းချနေတဲ့ ဒေါ်စိန်ဘုတ် လျှပ်စစ်ဓာတ်ကြိုးအား မတော်တဆကိုင်မိရာမှ ဓာတ်လိုက်သတိမေ့သွားတာကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို တင်ပို့ကုသခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။