မော်လူးဒေသ နောင်ကွတ်ကျေးရွာတွင် ရှေးဟောင်းပစ္စည်းများတွေ့ရှိ
DVB
·
June 24, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အင်းတော်မြို့နယ်၊ မော်လူးဒေသ ကုန်းခါးကျေးရွာအုပ်စု၊ နောင်ကွတ်ကျေးရွာ အရှေ့ဘက် လယ်ကွင်းထဲမှာ ရှေးဟောင်းပစ္စည်းတွေ တွေ့ခဲ့တယ်လို့ မော်လူး ရှေးဟောင်းအမွေနှစ်ထိန်းသိန်းရေးအသင်း အတွင်းရေးမှူး ကိုချိတ်က ပြောပါတယ်။
ဦးမြင့်အောင်၊ ဒေါ်ခင်စန်းဝင်းတို့ ပိုင်တဲ့ လယ်ကွင်းအတွင်း ထယ်ထိုးနေချိန် ရှေးဟောင်းပစ္စည်းတွေလို့ ယူဆရတဲ့ သံ ဓားရှည် ကြီး ၃ ချောင်း၊ သံဓားအသေး ၁၃ ချောင်း၊ မြေအိုးအကောင်း ၂ လုံး၊ မြေခွက် ၂ ခွက်၊ လက်ကောက် ၁ ကွင်း၊ အိုးခြမ်းပဲ့ ၁၉ ခု တို့ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“လွန်ခဲ့သော ၅ နှစ်ခန့်ကလည်း ကျမတို့ ဒီလယ်ထဲမှာ ထယ်ထိုးရင်း ဆွေးမြေ့နေတဲ့ ဒိုင်းပုံစံ ၁ ခု ၊ ဓား၊ မြေအိုး ရခဲ့ဖူးပါတယ်” လို့ လယ်ပိုင်ရှင် ဒေါ် ခင်စန်းဝင်း က ပြောပါတယ်။
“တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းများကို ဘယ်ခေတ်ကာလကဆိုတာ သိရအောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စီစဉ်ဆောင်ရွက်နေတယ်” လို ကိုချိတ်က ပြောပါတယ်။
ရှေးဟောင်းအမွေနှစ်ပစ္စည်းများတွေ့ရှိရာ နေရာကို ဇွန် ၂၃ ရက်နေ့က မော်လူး ရှေးဟောင်းအမွေနှစ် ထိန်းသိမ်းရေးအသင်းနဲ့ ကုန်းခါးကျေးရွာ တာဝန်ရှိသူတွေ သွားရောက် ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။
ကိုကိုလင်း(အင်းတော်)