Homeမြန်မာသတင်း
ကုလရုံးဖွင့်ခွင့်ပြုမှု အန်အယ်လ်ဒီအစိုးရ သမိုင်းတရားခံဖြစ်လာနိုင်ဟု ပြည်ခိုင်ဖြိုးပါတီပြော
ကုလရုံးဖွင့်ခွင့်ပြုမှု အန်အယ်လ်ဒီအစိုးရ သမိုင်းတရားခံဖြစ်လာနိုင်ဟု ပြည်ခိုင်ဖြိုးပါတီပြော
DVB
·
June 23, 2018
ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံး ဖွင့်ခွင့်ပြုလိုက်တဲ့အတွက် ပြည်တွင်းရေးပိုမိုရှုတ်ထွေးလာနိုင်ပြီး အန်အယ်လ်ဒီ အစိုးရအနေနဲ့ သမိုင်းတရားခံဖြစ်လာနိုင်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက ပြောကြားလိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရောက် ထွက်ပြေးဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်မှာ ကုလသမဂ္ဂကိုယ်စားလှယ်တွေ ပါဝင်ကူညီနိုင်ဖို့အတွက် သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်ကို အထောက်အကူပေးမယ့် ရုံးခွဲကိုလည်း နေပြည်တော်ကောင်စီနယ်မြေမှာ ဖွင့်လှစ်ခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။
အစိုးရအနေနဲ့ နိုင်ငံတစ်ကာဖိအားတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံးခွဲကို နေပြည်တော်မှာ ဖွင့်လှစ်ခွင့်ပြုလိုက်တာဖြစ်ပေမယ့် နိုင်ငံတကာ ဖိအားလျော့ချနိုင်ဖို့ထက် ပြည်တွင်းရေးပြဿနာတွေ ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
“မဖြစ်မနေ ဖွင့်ဖို့လိုတယ်ဆိုရင်လည်း သူတို့ဘာတွေလုပ်မှာလည်း သူတို့လုပ်ငန်ုးစဉ်တွေက ဘာတွေလည်း၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေက ဘာတွေလည်း ပွင့်ပွင့်လင်းလင်း ပြည်သူကို ချပြဖို့လိုနေတယ်။ ကျနော်တို့ကတော့ ကောင်းဖို့ထက် ပိုမိုရှုပ်ထွေးတဲ့ဖိအားပေးမှုဖြစ်စဉ်တွေ ဖြစ်လာလိမ့်မယ်ဆိုတာကို ကျနော်တို့က မြင်တယ်။ အဲလိုဟာတွေဟာ တစ်ချိန်မှာ သမိုင်းမှာ တရားခံပြန်ဖြစ်သွားနိုင်တယ်”
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတွေရဲ့ အထင်မြင်လွဲမှားနေမှုတွေကို ကုလသမဂ္ဂကိုယ်စားလှယ်တွေကတဆင့် ပြန်လည်ဖြေရှင်းနိုင်ဖို့၊ မြန်မာအစိုးရရဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို အားပေးကူညီဖို့နဲ့ ငွေကြေးအကူအညီရရှိဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိ တဦးတယောက်မှ သဘောတူညီချက်နဲ့အညီ ပြန်လည်ဝင်ရောက်လာတာ မရှိသေးပါဘူး။ တရားမဝင်လမ်းကြောင်းတွေကနေတဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်ဝင်ရောက်လာသူတွေသာ ရှိနေသေးတာဖြစ်ပါတယ်။