ခြောက်နှစ်အတွင်း ငါးကြိမ်ထီပေါက်သည့် သြစတြေးလျနိုင်ငံက ဦးကံကောင်း

သြစတြေးလျအမျိုးသားတဦးဟာ ခြောက်နှစ်အတွင်း  ငါးကြိမ်မြောက်အဖြစ် ဒေါ်လာ ၃၅၇၁၈ တန် ထီပေါက်ခဲ့တယ်လို့ UPI သတင်းမှာဖော်ပြပါတယ်။ ဒါဟာသူ့အတွက် ရက်သုံးဆယ်တာ အချိန်ကာလအတွင်း သုံးကြိမ်မြောက်ထီပေါက်တာ လည်း ဖြစ်ပါတယ်။ ထီဆက်တိုက်ပေါက်သူ ဦးကံကောင်းနာမည်က ကာလိုမတ်ဆက်တီဖြစ်ပြီး သူဟာ အသက် ၅၉ နှစ်ရှိပါပြီ။ သူဟာ ပြီးခဲ့တဲ့လက တပတ်အတွင်း နှစ်ကြိမ်ဆက်တိုက်ကံထူးခဲ့သူဖြစ်ပါတယ်။ ဒီလိုကံထူးရတာဟာ နှစ်ကြိမ် ကံစမ်းနိုင်တဲ့ ထီလက်မှတ်တွေကို ဝယ်ယူခဲ့လို့ဖြစ်ပြီး သူ့ထီလက်မှတ်တွေကို နယူးဆောက်ဝေးမှာရှိတဲ့ ဘွန်ဒီ ဂျန်းရှင်းက Six Way Newsagency က ဝယ်ယူခဲ့တာပါ။ တပတ်အတွင်း ဆက်တိုက်ပေါက်တဲ့ ဒီလက်မှတ် ၂ စောင်ကနေ မတ်ဆက်တီက ဒေါ်လာ ၁ ဒသမ ၉ သန်းလောက် ရရှိခဲ့ပြီး အဲ့ဒီငွေတွေထဲကမှ ထီပြန်ထိုးခဲ့လို့ တတိယ ကြိမ်မြောက် ထီပေါက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ အခုလို ဆက်တိုက်ထီပေါက်ခြင်းကြောင့် ၂၀၁၂ ခုနှစ်နောက်ပိုင်း သူ့ရဲ့ ထီကံထူးမှုက ငါးကြိမ်ရှိပြီလို့ မတ်ဆက်တီကပြောပါတယ်။ မတ်ဆတ်တီက ထီပေါက်လို့ရရှိတဲ့ငွေတွေထဲက ဒေါ်လာ ၃၇၂၀၆ ကိုလည်း ဗင်းဆင့်ဆေးရုံရဲ့ နှလုံးနဲ့ အဆုတ်ကုသရေးဌာနကို လှူဒါန်းခဲ့ပါတယ်။ မတ်ဆတ်တီဟာ အစောပိုင်းက သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားသူဖြစ်ပြီး ဆေးရုံကို လှူဒါန်းမှ ထီဆက်တိုက်ပေါက်တဲ့ ဦးကံကောင်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သတင်းဌာနတွေက သိခဲ့ရတာပဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up