လိုင်စင်မဲ့ယာဉ်များ အရေးယူမည့်သတင်းကြောင့် လိုင်စင်သက်တမ်းတိုးသူ များပြား
DVB
·
June 23, 2018
လိုင်စင်မဲ့ အရေးယူတော့မည် သတင်းအရ သက်တန်းတိုး ဆောင်ရွက်သူ ယခင် အခေါက်တွေထက် များပြားလာကြောင်း ယာဉ်ကြီးကြပ်ရေး ကော်မတီက ပြောပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲလောက်ကစပြီး မကွေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားဦးစီးဌာန (က.ည.န)မှ ချောက်မြို့အမှတ်(၁ဝ)၊ မဟာအေးစေတီ ဘုရားကွင်းမှာ ကားနဲ့ ဆိုင်ကယ်တွေကို နေ့ချင်းပြီး လိုက်စင်သက်တမ်းတိုးမှု ဆောင်ရွက်ပေးခဲ့တဲ့အတွက် ကားအစီးရေ ၁၂ဝ လောက်နဲ့ ဆိုင်ကယ် အစီးရေ ၈ဝဝ ကျော် လာရောက်သက်တမ်းတိုးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လိုင်စင်မဲ့ယာဉ်တွေကို ၅ ကြိမ် ပညာပေး စစ်ဆေးသွားမှာဖြစ်ပြီး အဲဒီနောက်မှာတော့ အရေးယူ ဆောင်ရွက်သွားမယ်လို့ မြို့နယ်ယာဉ်ကြီးကြပ်ရေး ကော်မတီ(ယ.က.က)ဥက္ကဋ္ဌ ဦးလှအုန်းကြည်က ပြောပါတယ်။
ချောက်မြို့နယ် အုံမြားကြီးကျေးရွာကနေ လိုင်စင်လာလုပ်သူ ကိုကျော်သူစိုးက “ဖမ်းတော့မယ်၊ စစ်ဆေးတော့မယ်၊ ကြားနေတာလေ။ ကျနော့်ဆိုင်ကယ်ဆိုရင် သုံးလပိုင်းက ပြည့်နေတာ၊ အဲတော့ စစ်တဲ့အချိန် မပါအောင်ပေါ့” လို့ ပြောပါတယ်။
ကိုလင်း(ချောက်)